CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူရပြီးနောက် သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းက အယ်လ်အိန်းအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၇၇ မိနစ်မှာ နေမာဟာ အယ်လ်ဒေါဆာရီရဲ့ နေရာမှာ လူစားလဲဝင်ရောက်ခဲ့တာပါ။ 

နေမာဟာ ဒီပွဲမှာ ပွဲချိန်မိနစ် အနည်းငယ်သာ ပါဝင်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့သေးတာ ဖြစ်ပါတယ်။ 

ဒီပွဲကို နေမာရဲ့ ချစ်သူ ဘီယန်ကာဒီ၊ သမီးဖြစ်သူ မာဗီနဲ့ ဘီယန်ကာဒီရဲ့ မိဘတွေက တက်ရောက်ကြည့်ရှုပြီး အားပေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

နေမာဟာ သူပြန်လာနိုင်ခဲ့ပြီဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီးနောက် ဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူခဲ့ရတာပါ။ 

နေမာကိုတွေ့ရစဉ်

နေမာ ပြန်ကစားနိုင်တဲ့အပေါ် အသင်းဟောင်း ဆန်းတို့စ်အသင်းက သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ 

နေမာဟာ နိုင်ငံခြားသား ကစားသမားအရေအတွက် ကန့်သတ်မှုမရှိတဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာတော့ ဒုတိယရာသီဝက်မှသာ ပါဝင်ကစားလို့ရရှိမှာပါ။ 

ဆော်ဒီပရိုလိဂ်ဟာ နိုင်ငံခြားသား ကစားသမား အရေအတွက် ကန့်သတ်ထားတာကြောင့် အယ်လ်ဟီလယ် အသင်းဟာ ပထမရာသီဝက်အတွက် လူစာရင်းမှာ နေမာကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ 

နေမာ ပွဲပြန်ကစားနိုင်ပြီဖြစ်တဲ့အတွက် ဘရာဇီးလ်အသင်းဟာ လာမယ့် နိုဝင်ဘာမှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သူ့ကို လူစာရင်းထဲရွေးချယ်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: ESPN