CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅

အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာရဲ့ ဒူးအခြေအနေဟာ တိုးတက်လာခဲ့တာကြောင့် အယ်လ်ဟီလယ် အသင်းအတွက် ပြန်ပါဝင်နိုင်ဖို့ နီးစပ်နေပြီလို့ ESPN က ဖော်ပြထားပါတယ်။ 

နေမာဟာ နိုင်ငံအသင်းဖြစ်တဲ့ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဘယ်ဘက်ဒူး အရွတ်ဒဏ်ရာ ကို ခွဲစိတ်မှုခံယူပြီးနောက် တစ်နှစ်ကြာ အနားယူနေခဲ့ရတာပါ။ 

အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ စက်တင်ဘာ ၂၉ ရက်က အယ်လ်ဟီလယ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ 

နေမာရဲ့တိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေတဲ့သူတွေက ကစားသမားဟာ အောက်တိုဘာ ၂၁ ရက်တွင် အယ်လ်အိန်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်မယ်လို့ ယုံကြည်နေကြတာပါ။ 

ဒါပေမယ့် နေမာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီးဆပ်စ်ရဲ့ ပြောစကားကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ 

နေမာကို တွေ့ရစဉ်

ဒါအပြင် နေမာရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူ့ကိုခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်အသင်းဆရာဝန် လက်စ်မာရဲ့ ခွင့်ပြုချင်ရရှိဖို့လည်း လိုအပ်နေသေးတာပါ။

လက်စ်မာဟာ လာမယ့် ရက်ပိုင်းအတွင်း ဆော်ဒီကို သွားရောက်ကာ နေမာရဲ့ ကြံ့ခိုင်မှုပိုင်းကို အကဲဖြတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကလည်း နေမာရဲ့ အခြေနေကို စောင့်ကြည့်နေပြီး နိုဝင်ဘာလမှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့ကို အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာပါ။ 

ဘရာဇီးလ်စံချိန်တင် ဂိုးသွင်းရှင် နေမာဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်က ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားရသေးတာ ဖြစ်ပါတယ်။ 

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဆော်ဒီကလပ် အနေနဲ့ သူ့ကို အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာပါ။

အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းအနေနဲ့ နေမာကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထိန်းမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source: ESPN