CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး နေမာကို စက်တင်ဘာမှာ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။

ဂျော့ချ်ဂျီးဆပ်စ်က “နေမာရတဲ့ ဒဏ်ရာအတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ သူတို့ပေးတဲ့အချိန်က ပုံမှန်အားဖြင့် ၁၀ လကနေ ၁၁ လကြားပါပဲ။ အဲဒါကြောင့် နေမာဟာ လာမယ့်ရာသီအစပိုင်းမှာ အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ သူဟာ စက်တင်ဘာ၊ အောက်တိုဘာမှာ ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်နိုင်မယ့် အနေအထားမှာ ရှိမယ်လို့ထင်ကြောင်း”ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဘရာဇီးလ်အသင်းအတွက် နိုင်ငံတကာပွဲ ပါဝင် ကစားရင်း ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူပြီးကတည်းက အနားယူနေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ၂ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်း အတွက် ၅ ပွဲသာ ပါဝင်ကစားခဲ့ရပြီးနောက် ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူခဲ့ရတာပါ။ 

နေမာကို တွေ့ရစဉ်

နေမာဟာ ဒဏ်ရာကနေ သက်သာခြင်း မရှိသေးတဲ့အတွက် နွေရာသီမှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပါဘူး။ 

ဘရာဇီးလ် ကစားသမားဟာ လာမယ့်ရာသီအစမှာ အယ်လ်ဟီလယ်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်ထားပေမယ့် နည်းပြ ဂျော့ဂျီးဆပ်စ်က စက်တင်ဘာမှသာ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ 

အယ်လ်ဟီလယ်အသင်းဟာ နေမာ မပါဝင်နိုင်ပေမယ့် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၄ ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့တာပါ။ ဒါအပြင် ဆော်ဒီပရိုလိဂ်နဲ့ ဆော်ဒီစူပါဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နောက်ထပ် ရယူနိုင်စရာ ဆုဖလားအဖြစ် မေလ ၃၁ ရက်မှာ အယ်လ်နာဆာအသင်းနဲ့ ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN