CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ပါကွေတာဟာ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုနဲ့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ဘရာဇီးလ် ကစားသမားဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ အဝါကတ်ကို ရည်ရွယ်ချက်ရှိရှိ ရယူဖို့ ကြိုးစားခဲ့မှုနဲ့ FA ရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာပါ။ 

ဒီပွဲတွေကတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာက လက်စတာအသင်းနဲ့ပွဲစဉ်၊ ၂၀၂၃ ခုနှစ်၊မတ်လက အက်စတွန်ဗီလာ အသင်းနဲ့ပွဲစဉ်၊ ၂၀၂၃ ခုနှစ်၊မေလက လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်၊ ၂၀၂၃ ခုနှစ်၊သြဂုတ်က ဘုန်းမောက်အသင်း တို့နဲ့ ပွဲစဉ်တို့ဖြစ်တယ်လို့ FA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပါကွေတာဟာ လောင်းကစားကနေ အကျိုးအမြတ် ရရှိစေဖို့အတွက် လောင်းကစားဈေးကွက်ကို ထိခိုက်အောင် မသင့်လျော်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဒိုင်လူကြီးဆီကနေ အဝါကတ် ရယူခဲ့တယ်လို့ FA က စွပ်စွဲထားတာပါ။ 

ပါကွေတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး သူ့ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာအတွက် အဆုံးထိ တိုက်ပွဲဝင်သွား မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ပါကွေတာကို တွေ့ရစဉ်

ပါကွေတာက “FA က ကျနော့်ကို စွဲချက်တင်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းမိပြီး အံ့အားလည်း သင့်မိပါတယ်။ သူတို့ရဲ့ စုံစမ်းမှုအဆင့်တိုင်းကို ကျနော်ပူးပေါင်းပြီး အချက်အလက်တွေအားလုံးကို ပေးခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေ ကို ကျနော်ငြင်းပါတယ်။ ကျနော့်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ပါကွေတာအနေနဲ့ FA ရဲ့ စွဲချက်ကို ဇွန် ၃ ရက် မတိုင်ခင် ဖြေရှင်းမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ 

FA ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကတည်းက ပါကွေတာရဲ့ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုကို စုံစမ်းစစ်ဆေး မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။ 

ဒီလိုစုံစမ်းမှုတွေ ပြုလုပ်နေချိန်အတွင်းမှာ ပါကွေတာကို ဝက်စ်ဟမ်းအသင်းအတွက် ကစားခွင့်ပေးခဲ့ပြီး ဘရာဇီးလ် ကစားသမားဟာ လာမယ့်လမှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

FA ဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုကြောင့် ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးနဲ့ နယူးကာဆယ်အသင်း ကွင်းလယ်လူ တိုနယ်လီတို့ကို ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ 

အဲဒါကြောင့် ပါကွေတာအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် FA ရဲ့ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရမှာဖြစ်ပါတယ်။

Source: ESPN