CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ကျရောက်နေတဲ့ ဝိန်းရွန်နီက ဘာမင်ဂမ်အသင်းနည်းပြအဖြစ် သူ့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။

ဝိန်းရွန်နီက “ကျနော်က ဖိုက်တာတစ်ဦးပါ။ ဘောလုံးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို ကျနော် နားလည်ပါတယ်။ ကျနော်ပိုင်ရှင်တွေနဲ့ စကားပြောပြီးပါပြီ။ ကျနော်တို့ ခက်ခဲတဲ့ကာလကို ဖြတ်သန်း နေရတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒီရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဒါကို ကျော်ဖြတ်နိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည် ထားရမယ်” လို့ ပြောခဲ့တာပါ။

ဘာမင်ဂမ်အသင်းဟာ လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းဟာ အဆင့် ၂၀ နေရာအထိရောက်ရှိသွားကာ တန်းဆင်းဇုန်နဲ့ နီးကပ်လာခဲ့တာပါ။ ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၅ ပွဲမှာ ၂ ပွဲသာအနိုင်ရအောင် ကိုင်တွယ်ထားနိုင်ခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ ဘာမင်ဂမ်အသင်းဟာ ဝိန်းရွန်နီ မကိုင်တွယ်ခင်က တန်းတက်ပလေးအောဖ့် ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်နေပေမယ့် လက်ရှိအချိန်မှာတော့ တန်းဆင်းဇုန်ထဲ မရောက်ဖို့ တိုက်ပွဲဝင် နေရတာပါ။

ဘာမင်ဂမ်အသင်းပရိသတ်တွေဟာ ရလဒ်ဆိုးတွေကြောင့် လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာ ဝိန်းရွန်နီကို အသင်းနည်းပြ ရာထူးကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်ကစားသမား ကတော့ ဘာမင်ဂမ်အသင်းနည်းပြရာထူးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရလဒ်ကောင်းတွေရယူနိုင်ဖို့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူပေးဖို့ လိုတယ်လို့ ပြောထားတာပါ။ 

ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ်မှာ FA ဖလားပွဲစဉ်အဖြစ် ဟူးလ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဆွမ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Theathletic