CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
ဘရာဇီးလ်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲမှာ တိုက်စစ်မှူး နေမာဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ရက်ပေါင်း ၉၈၁ ရက်အကြာမှာ ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ အုပ်စုအဖွင့်ပွဲ ၂ ပွဲမှာ လူစာရင်းထဲ မပါဝင်နိုင်ခဲ့တဲ့ နေမာဟာ စကော့တလန်အသင်းနဲ့ ပွဲမှာတော့ အသင်းရဲ့လူစာရင်းထဲ ပါဝင်လာခဲ့တာပါ။
ဘရာဇီးလ်အသင်းက ပွဲကို ၃ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ၇၆ မိနစ်မှာ နည်းပြအန်ဆယ်လော့တီက နေမာ ကို ကွန်ညာရဲ့နေရာ လူစားဝင်အဖြစ် အသုံးပြုခဲ့ပါတယ်။
ကွင်းထဲကို ဝင်ရောက်လာချိန်မှာ ပရိသတ်တွေရဲ့ ကျယ်လောင်စွာ အားပေးမှုရခဲ့တဲ့ နေမာအတွက် သူ့ရဲ့ ကစား သမားဘဝမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်လို့ ပျော်ရွှင်နေသလို ပွဲအပြီးမှာ ခံစားချက်တွေ မထိန်း ချုပ်နိုင်ဘဲ ငိုကြွေးခဲ့တာပါ။

နေမာကိုတွေ့ရစဉ်
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက “နေမာ ကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ထင်တဲ့အတွက် ကျနော် သူ့ကို အခွင့်အရေးပေးခဲ့တာပါ။ သူဟာ အလွန်ကောင်းမွန်စွာ ပြင်ဆင်ပြီး ပွဲကစားနိုင်ဖို့ အလေးအနက် ထားနေ ပါတယ်။ မိနစ်အနည်းငယ်ပဲ သူကစားခဲ့ရပေမယ့် သူကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၂ ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဗီနီစီးယက်စ်ကလည်း နေမာ ကွင်းထဲ ဝင်ရောက်လာတာဟာ အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီးရှိခဲ့ပြီး ဒါက သူတို့ကို အကူအညီ ဖြစ်စေတယ်လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်း ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်က နေမာကွင်းထဲ ဝင်ရောက်လာတဲ့အချိန်မှာ သက်တောင့် သက်သာ ရှိစေဖို့ သူတို့ကြိုးစားခဲ့ကြပြီး ပြန်ကစားနိုင်လို့ သူအလွန် ပျော်ရွှင်နေတယ်လို့ထင်ကြောင်း ပြောခဲ့ပါ တယ်။
ဘရာဇီးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပထမနဲ့ ရှုံးထွက် ၃၂ သင်းအဆင့် တက်နိုင်ခဲ့ပြီး အုပ်စု F က ဒုတိယ ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
