CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာဟာ ဒဏ်ရာကြောင့် နိုင်ငံအသင်းရဲ့ လာမယ့် ခြေစမ်းပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို လွဲချော်နိုင်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားပြီး ရခဲ့တဲ့ ညာဘက်ခြေသလုံး ဒဏ်ရာကြောင့် မေလ ၁၇ ရက် ကတည်းက အနားယူနေရတာပါ။
နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ပူးပေါင်းဖို့ လေ့ကျင့်ရေးစခန်း ရောက်ရှိချိန် MRI စကန်ဖတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခံရချိန်မှာ ဒဏ်ရာရရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကို ကုသမှုခံယူနေပြီး ၂ ပတ်ကနေ ၃ ပတ်အတွင်း ကစားနိုင်ဖို့ မျှော်လင့် ကြောင်း ဘရာဇီးလ်အသင်း ဆရာဝန် ရိုဒရီဂိုလက်စ်မာက ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် နေမာဟာ ပနားမား၊ အီဂျစ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင် တော့မှာ မဟုတ်ပါဘူး။

နေမာကို တွေ့ရစဉ်
နေမာဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ရမှုကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ဘရာဇီးလ်အသင်းအတွက် ကစားနိုင်ခြင်း မရှိသေးပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ပက်ဒရိုကို ကျော်ပြီး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း ကွင်းလယ်လူ ကတ်စီမီရိုက နေမာရဲ့ ပြန်လည်ကောင်းမွန်မှုဟာ နေ့တိုင်းတိုးတက်မှုတွေ ရှိတယ်လို့ ဆရာဝန်က ပြောထားပြီး ကစားသမားတွေ အားလုံး ကြံ့ခိုင်ကာ ကျန်းမာနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ စည်းမျဉ်းတွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတစ်သင်းရဲ့ပထမဆုံးပွဲ မတိုင်မီ တစ်ရက်အလိုထိ ပြိုင်ပွဲလူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတစ်ဦးကို အစားထိုးဖို့ ခွင့်ပြုထားတာပါ။
အဲ့ဒါကြောင့် နေမာ အနေနဲ့ ဒဏ်ရာကနေ မျှော်လင့်ထားသလို မသက်သာဘူးဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်နိုင်တာ ဖြစ်ပါတယ်။
Source: BBC
