CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၉

Ballon d'Or ဆုပေးပွဲ ကျင်းပတာ နှစ် ၇၀ ပြည့် အထိမ်းမှတ်အဖြစ် အခုနှစ် ဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက် လန်ဒန်မှာ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။ 

၁၉၅၆ ခုနှစ်မှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက စတင်ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုဟာ ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ကစားသမားတိုင်း အလိုချင်ဆုံး တစ်ဦးချင်းဆုလည်း ဖြစ်တာပါ။

အကြိမ် ၇၀ မြောက် Ballon d'Or ဆုပေးပွဲကို လန်ဒန်မှာ ကျင်းပတာဟာ အင်္ဂလန်ရဲ့ဂန္ထဝင် စတန်လေမက်သရူးစ် ကို ဂုဏ်ပြုဖို့ ဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ပြောခဲ့ပါတယ်။ 

စတန်လေမက်သရူးစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ပထမဆုံးရရှိတဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲတွေကို ပါရီမှာသာ ကျင်းပခဲ့တာပါ။ 

Ballon d'Or ဆု ရရှိခဲ့တဲ့ ဒမ်ဘီလီကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီနဲ့ အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်း ကြယ်ပွင့် ဘွန်မာတီ က ရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ စာရင်းမှာ PSG အသင်းက ဒမ်ဘီလီ၊ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းနဲ့ အာဆင်နယ်အသင်းက ဒီကလန်ရိုက်စ်တို့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

Ballon d'Or ဆုကို အာဂျင်းတီးနားအသင်း ခေါင်းဆောင် မက်ဆီက ၈ ကြိမ်နဲ့ အများဆုံး ရရှိထားပြီး ပေါ်တူဂီ အသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ၅ ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: CNA