CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉

PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲဟာ သူ့ရဲ့နည်းပြဘဝမှာ အကောင်းဆုံးပွဲ ဖြစ်တယ်လို့ PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ပြောခဲ့ပါတယ်။ 

လူးဝစ်အင်းနရစ်က “ဒီလိုပြင်းထန်တဲ့ ပွဲစဉ်မျိုးကို ကျနော် တစ်ခါမှ မမြင်တွေ့ဖူးပါဘူး။ ကျနော်တို့ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့သလို သရေကျဖို့နဲ့ ရှုံးနိမ့်ဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီပွဲက အံ့မခန်း ကောင်းတဲ့ပွဲ တစ်ပွဲပါပဲ။ နည်းပြတစ်ဦးအနေနဲ့ ကျနော် ပါဝင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပွဲ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။ 

ဒီပွဲရဲ့ပထမပိုင်းမှာ PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာ PSG အသင်းက ၅ ဂိုး-၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ချေပဂိုး ၂ ဂိုးထပ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

၂ သင်းပေါင်း ၉ ဂိုးသွင်းယူခဲ့တဲ့ ဒီပွဲဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဆီမီးဖိုင်နယ်ပွဲ တစ်ပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီယှဉ်ပြိုင်နေစဉ် 

PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒီပွဲကို ကြည့်ရင်းနဲ့ သူမောပန်းနေခဲ့ပြီး ဒုတိယအကျော့ပွဲမှာလည်း ဒီလိုမျိုးထပ်ဖြစ်ဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့အိမ်ကွင်းမှာ ပိုပြီးအားကောင်းပေမယ့် PSG အသင်းကလည်း ဒီပွဲကလိုမျိုး စိတ်ဓါတ်ပိုင်းကို ပြသဖို့ ကြိုးစားသွားမယ်လို့ နည်းပြအင်းနရစ်က ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းက ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်နေတာကနေ ၅ ဂိုး-၄ ဂိုးအထိ ပြန်ရောက်ခဲ့တာကို ဂုဏ်ယူမိပြီး ဒုတိယအကျော့ အိမ်ကွင်းပရိသတ်တွေအရှေ့မှာ အနိုင်ရလဒ်ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ဒီပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ် ကစားသမားဖြစ်ခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။ 

Source: ESPN