CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
မာဆေးလ်အသင်း အားကစားဒါရိုက်တာသစ် လော်ရန်ဇီဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။
လော်ရန်ဇီဟာ ဘီနာတီယာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး မာဆေးလ်အသင်းရဲ့ အားကစား ဒါရိုက်တာသစ် အဖြစ် တာဝန်ထမ်းဆောင်တော့မှာပါ။
လော်ရန်ဇီဟာ မာဆေးလ်အသင်းမှာ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ဖြေရှင်းဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၅-၂၆ ရာသီမှာ မာဆေးလ်အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း အခြေအနေနဲ့ ၂၀၂၆-၂၇ ရာသီအတွက် သူတို့ရဲ့ဘတ်ဂျက်ကို ပြန်လည် ချိန်ညှိဖို့အတွက် ဈေးကွက်ထဲမှာ တန်ကြေးမြင့်တဲ့ ဂရင်းဝုဒ်ကို ရောင်းချနိုင်တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
လော်ရန်ဇီက ဂရင်းဝုဒ်ကို ရောင်းချဖို့နဲ့ပတ်သက်ပြီး အခွင့်အရေး တစ်ခုပေါ်လာရင် မလွှဲမသေ စဉ်းစားရမှာ ဖြစ်ပေမယ့် ကလပ်ရဲ့ အနေအထား၊ ကစားသမားရဲ့ အနေအထားရှိတယ်လို့ L'Equipe ကို ပြောခဲ့တာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အီတလီ စီးရီးအေကလပ်တွေက စိတ်ဝင်စားနေပေမယ့် သူကတော့ လာမယ့်ရာသီ မာဆေးလ်အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက် ပြောထားပါတယ်။
မာဆေးလ်အသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်ခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လော်ရန်ဇီဟာ မာဆေးလ်အသင်းကို နာမည်ကြီး ကစားသမားတွေထက် အသင်းလိုက် စည်းလုံးမှုရှိတဲ့ ပုံစံ တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး ကလပ်ရဲ့ လူငယ်အကယ်ဒမီကို ပိုအလေးထား လုပ်ဆောင်သွားဖို့လည်း ရှိနေတာပါ။
ပြင်သစ်ဘောလုံးရဲ့ ဘဏ္ဍာရေး စောင့်ကြည့်ရေးအဖွဲ့ဟာ ကလပ်ရဲ့ အကောင့်တွေကို အနီးကပ် စောင့်ကြည့်နေ တာကြောင့် မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်လို နာမည်ကြီး ကစားသမားတချို့ကို ရောင်းချပြီး ဖြေရှင်းဖို့ရှိ နေပါတယ်။
Source: Goal
