CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
ယူနိုက်တက်ကစားသမားဟောင်း ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ မာဆေးလ်အသင်းအတွက် ၄ ဂိုး သွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နည်းပြဒီဇာဘီက သူဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ဒီဇာဘီက “မေဆန်ဟာ ဂိုးတွေ သွင်းနိုင်ရုံသာမကဘဲ ပိုပြီးလုပ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။ သူဟာ ဂိုးရှေ့မှာ ထိပ်တန်း ကစားသမား ဖြစ်နေပြီဆိုပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။ သူဟာ အမြဲတမ်းဂိုးတွေ အများကြီးသွင်းပြီး လေ့ကျင့်ရေး အစီအစဉ်ကိုလည်း မလွဲချော်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့မှာတိုးတက်ဖို့ နေရာတွေ ရှိနေသေးတယ်”လို့ ပြောခဲ့ပါ တယ်။
လီဟာဗရီအသင်းနဲ့ ပွဲစဉ်မှာ မာဆေးလ်အသင်းအတွက် ၄ ဂိုးသွင်းခဲ့တဲ့ ဂရင်းဝုဒ်ဟာ ၁၉၉၁ ခုနှစ်က ပါပင် နောက်ပိုင်း တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး မာဆေးလ်ကစားသမား ဖြစ်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဒီရာသီ လီဂူး-၁ ပြိုင်ပွဲမှာ မာဆေးလ်အသင်းအတွက် ၆ ဂိုး သွင်းထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားသလို ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၇ ဂိုး သွင်းယူထားပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒါပေမယ့် မာဆေးလ်အသင်း နည်းပြ ဒီဇာဘီက ဂရင်းဝုဒ်ဆီကနေ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ အရာတွေကို လိုချင်နေတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်နွေရာသီက မာဆေးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ သူ့ရဲ့ပွဲဦးထွက် ရာသီမှာ လီဂူး-၁ သွင်းဂိုး ၂၁ ဂိုးအထိသွင်းပြီး အသင်းကို အမှတ်ပေးဇယားအဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် ကူညီ ပေးနိုင်ခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဒီရာသီမှာ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လက်ရှိချန်ပီယံ PSG အသင်းကို ၁ မှတ်အသာနဲ့ ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
မာဆေးလ်အသင်းဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီရာသီမှာ ပြင်သစ်လီဂူး-၁ ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
မာဆေးလ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပြီးရင် လန်းစ်အသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail