CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁

ဝက်စ်ဟမ်းအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြနူနိုဆန်တိုက အသင်းမှာ ပြဿနာရှိနေတယ်လို့ ပြောခဲ့ပါတယ်။ 

နူနိုဆန်တိုက “ကျနော်တို့ဟာ ဒီပွဲမှာ လုံလောက်မှု မရှိဘဲ ညံ့ဖျင်းခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းဟာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပြီး ကျနော်တို့အားလုံး စိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေကို မြင်တွေ့ခဲ့ရပြီး ကျနော်တို့မှာ ပြဿနာရှိနေပါတယ်။ ရလဒ်ကောင်းတွေ ရရှိအောင် ပြောင်းလဲမှု တွေ ပြုလုပ်ဖို့က ကျနော်တို့ရဲ့အပေါ်မှာ မူတည်တယ်”လို့ ပြောခဲ့တာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရရှိကာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့် နည်းပြဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီး နူနိုဆန်တိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပေမယ့် သူ့ရဲ့လက်ထက်မှာ အသင်းဟာ နိုင်ပွဲမရရှိသေးဘဲ ၂ ပွဲအရေးနိမ့် ထား တာပါ။ 

ဝက်စ်ဟမ်းအသင်းကို တွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ အစ ကစားထားတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် ၄ ပွဲစလုံး အရေးနိမ့်ခဲ့တာဟာ အသင်းရဲ့သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ပရိသတ်တွေဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဘရန်ဖို့ဒ်အသင်းကတော့ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲရရှိခဲ့တာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဒ်စ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN