CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆

ဝက်စ်ဟမ်းအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘူရီဟောလ်နဲ့ ချူကွီမီကာတို့ကို အသင်းခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဝက်စ်ဟမ်းအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ လိုပီတီဂွီဟာ ဖိအားတွေ ခံစားနေရတဲ့အတွက် လန်ဒန်ကလပ်ဟာ ဈေးကွက်ထဲမှာ ကစားသမားခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကို ဂိုးပြတ် အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ အန်တိုနီယိုနဲ့ ဘိုဝင်တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးထား ရတဲ့အတွက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဘရိုက်တန်အသင်းက အီဗန်ဖာဂူဆန်၊ ဝုလ်ဗ်စ်အသင်းက ဟွမ်ဟီချန်း တို့ကိုလည်း စိတ်ဝင်စားနေတာပါ။ 

အန်တိုနီယိုဟာ ပြင်းထန်တဲ့ ကားတိုက်မှုကြောင့် ရာသီအကုန်ထိ အနားယူရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဘိုဝင်က ၆ ပတ်ကြာ အနားယူရဖွယ်ရှိနေပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်ပိုင်းအပြင် ကွင်းလယ်ကို ပိုပြီးအားကောင်းလုပ်ဖို့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ၂ ဦးကို ပစ်မှတ်ထားနေတယ်လို့ The Telegraph က ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်း ကစားသမားကို တွေ့ရစဉ်

ဒါပေမယ့် ဝက်စ်ဟမ်းအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားတွေကို အငှားနဲ့ ခေါ်ယူဖို့သာ အဓိကထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ဘူရီဟောလ်ဟာ နွေရာသီက နည်းပြမာရက်စ်ကာနဲ့အတူ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက်လူစာရင်း ပါဝင်ခွင့် မရရှိသေးပါဘူး။ 

၂၀၂၂ ခုနှစ်က အက်စတွန်ဗီလာ အသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားတဲ့ ချူကွီမီကာဟာ ဒီရာသီမှာအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် မရရှိသေးတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဆောင်းရာသီ အပြောင်းအရွှေ့မှာ ချူကွီမီကာ အပါအဝင် ကစားသမား အများအပြားဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုနိုင်တယ်လို့ ဝန်ခံထားတာပါ။ 

ဘူရီဟောလ်၊ ချူကွီမီကာ၊ ဘန်ချီဝဲလ်နဲ့ ကစားသမားအချို့ဟာ ဒီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာနိုင်တာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းမှာ ရှိနေခဲ့တဲ့ ဘန်ချီဝဲလ်ဟာ ဒီရာသီမှာ အသင်းအတွက် ၁ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားတာပါ။ 

ချယ်လ်ဆီးအသင်းဟာ နည်းပြမာရက်စ်ကာ လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေပေမယ့် နောက်ဆုံးကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၂ ပွဲသရေ၊၂ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ 

Source: Metro