CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၆

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပေမယ့် အသင်းခေါင်းဆောင် ဘိုဝင်ဟာ လာမယ့် ရာသီအသင်းမှာ ဆက်နေဖွယ်ရှိနေပါတယ်။ 

ဘိုဝင်က “အနာဂတ်အကြောင်း ပြောတာဟာ ကလပ်နဲ့ ပရိသတ်တွေကို မလေးမစား ပြုလုပ်တာပါ။ ကလပ်ဟာ ပရီးမီးယားလိဂ်မှာရှိဖို့ ထိုက်တန်တာကြောင့် ကျနော်တို့ရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်ကို ပြန်ရောက်ဖို့ပါ။ အနာဂတ်အကြောင်းပြောပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောနေတာက လူတိုင်းကို မလေးစားတာပါပဲ။ ကျနော် ကတော့ ကလပ်ကို ပရီးမီးယားလိဂ်ထံ ပြန်ရောက်အောင် လုပ်ပေးဖို့ ရည်မှန်းထားပါပဲ”လို့ ပြောခဲ့တာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ လိဒ်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် စပါးအသင်းက အဲဗာတန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် တန်းဆင်းခဲ့ရပါတယ်။ 

ဘိုဝင်ကို တွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားရမှာဖြစ်လို့ အသင်းမှာရှိတဲ့ အဓိက ကစားသမား တချို့ကို ဆုံးရှုံးရနိုင်တာပါ။ 

ဒီအထဲမှာ ဘိုဝင်လည်း တစ်ဦးအနေနဲ့ ပါဝင်ပြီး သူ့ကိုခေါ်ယူဖို့ လီဗာပူးလ်၊ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာ ဟားလ်စီးတီးအသင်းကနေ ရောက်လာခဲ့တဲ့ ဘိုဝင်ဟာ ဝက်စ်ဟမ်းအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေပြီး ၂၈၀ ပွဲပါဝင်ကစားထားတာမှာ ၈၅ ဂိုးသွင်းယူထားတာပါ။ 

ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဘိုဝင်ကတော့ အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲထံ တန်းပြန်တက်အောင် လုပ်ဆောင်ပေးဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

Source: Metro