CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ မတိုင်မီ မှာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းကို ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် သူအရာအားလုံး လုပ်ပေး သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က “ကျနော် လုပ်ပေးနိုင်ရင် ဝက်စ်ဟမ်းအသင်းကို လိဂ်မှာဆက်ပြီး ရှိနေစေချင်ပါတယ်။ အဲဗာတန်အသင်းကို အဆင့်ရပ်တည်မှု ကောင်းအောင် လုပ်ပေးပြီး ပေါင်သန်း အနည်းငယ် ပိုပြီးရအောင် ကြိုးစားတာကလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် လိဂ်မှာရပ်တည်မှုက အလွန်အရေးကြီးလို့ပါ။ ဝက်စ်ဟမ်းအသင်း ဒီမှာဆက်ရှိနေမယ်လို့ ကျနော် အမှန်တကယ် မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲမှာ အဲဗာတန်အသင်းက စပါးအသင်းကို အနိုင်ရပြီး ဝက်စ်ဟမ်းအသင်းက လိဒ်စ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် စပါးအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းရမှာ ဖြစ်ပါတယ်။

အဲဗာတန်အသင်း နည်းပြ ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းကို နည်းပြအဖြစ် ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့ ဒေးဗစ်မိုယက်စ်က သူ့ရဲ့အသင်းဟောင်း ပရီးမီးယား လိဂ်မှာ ဆက်ရှိနေနိုင်အောင် အဲဗာတန်အသင်းက စပါးအသင်းကို အနိုင်ရရှိအောင် ကြိုးပမ်းသွားဖို့ ရှိနေတာပါ။
ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို နှစ်ပေါင်း ၄၃ နှစ်အတွင်း ပထမဆုံး ဆုဖလားအဖြစ် ကွန်းဖရန့် လိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာ ရပ်တည်နေတဲ့ အဲဗာတန်အသင်းဟာ စပါးအသင်းကို အနိုင်ယူပြီး အပေါ် အဆင့်တက်နိုင်ဖို့လည်း ရည်မှန်းထားတာပါ။
အဲဗာတန်အသင်းဟာ သူတို့ရဲ့အဆင့် ရပ်တည်မှုအပေါ် မူတည်ပြီး ပရီးမီးယားလိဂ်ကနေ ပေါင် ၂၃.၈ သန်းရရှိဖို့ မျှော်လင့်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Thesun
