CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂

မာဆေးလ်အသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြန်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းက အသင်းဖော်သစ် ဂရင်းဝုဒ်ကို ကြယ်ပွင့် ကစားသမားအဖြစ် ချီးကျူးခဲ့ပြီး သူနဲ့တွဲကစားရမယ့်အပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောခဲ့ပါတယ်။

အူဘာမီယန်းက “ဂရင်းဝုဒ်ဟာ ကြယ်ပွင့်ကစားသမားဖြစ်ပြီး သူဟာအလွန်သန်မာသလို အလွန်ကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူလုပ်ခဲ့တာတွေကို ကျနော် အလွန်နှစ်သက်ပြီး သူဟာ အခုပိုပြီး အလုပ်ကြိုးစားနေပါတယ်။ ဆော်ဒီမှာ ကျနော်နဲ့အသင်းဖော်ဖြစ်ခဲ့ပြီး သူနဲ့စပိန်မှာ အတူတွဲကစားခဲ့ဖူးတဲ့သူက ဂရင်းဝုဒ်ဟာ အံ့ဖွယ်ကောင်းမွန် တဲ့သူလို့ ကျနော့်ကိုပြောခဲ့ပါတယ်။ ကျနော်တို့နဲ့အတူ သူရှိနေတာကို ကျနော်ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့တဲ့ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဒ်ဆီယာအသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် အသင်းဟောင်း မာဆေးလ်အသင်းထံ ပြန်ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။ 

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်နဲ့ မာဆေးလ် အသင်းမှာ အတူတွဲဖက်ကစားရမှာပါ။ 

 ဂရင်းဝုဒ်နဲ့ အူဘာမီယန်းကို တွေ့ရစဉ်

အူဘာမီယန်းဟာ မာဆေးလ်အသင်းမှာ ၂၀၂၃-၂၄ ရာသီက တစ်ရာသီကြာ ကစားခဲ့ပြီး ဂိုး ၃၀ အထိ သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ 

အူဘာမီယန်းက သူဟာကောင်းမွန်တဲ့ ကမ်းလှမ်းမှု အချို့ရရှိခဲ့ပေမယ့် မာဆေးလ်အသင်းထံ ပြန်လာဖို့ သူ့ရဲ့ နှလုံးသားနဲ့ ရွေးချယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

မာဆေးလ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်သလို ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ PSG အသင်းကို စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ 

Source: Goal