CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂

စပါးအသင်း ကစားသမားဟောင်း ဒယ်လီအလီဟာ ကိုမိုအသင်းကြီး လူစာရင်းနဲ့အဝေးမှာ တစ်ဦးချင်း လေ့ကျင့်မှု အစီအစဉ်တွေ ပြုလုပ်နေရတာကြောင့် အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။ 

La Gazzetta dello Sport က ဒယ်လီအလီဟာ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။ 

စပါးအသင်းမှာ ထွန်းတောက်ခဲ့တဲ့ ဒယ်လီအလီဟာ နောက်ပိုင်းနှစ်တွေမှာ ရုပ်ပိုင်းဆိုင်ရာအပြင် ကစားသမား ဘဝကို ကြီးကြီးမားမား ထိခိုက်ခဲ့တဲ့ အခြားကိစ္စရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

ကိုမိုအသင်းဟာ ဒယ်လီအလီကို သူ့ရဲ့ကစားသမားဘဝ ပြန်လည်ရရှိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ၁၈ လစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

မတ်လ အစောပိုင်းမှာ နည်းပြဖာဘရီဂတ်စ်ဟာ ဒယ်လီအလီကို ကိုမိုအသင်းလူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခဲ့ပြီး အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာတော့ လူစားဝင်အဖြစ် အသုံးပြုခဲ့တာပါ။

ဒယ်လီအလီကိုတွေ့ရစဉ် 

ဒါပေမယ့် ဒယ်လီအလီဟာ ကွင်းထဲဝင်ရောက်ပြီး ၉ မိနစ်အကြာမှာ အေစီမီလန်အသင်း ကွင်းလယ်လူ လော့ဖ်တပ်ချိစ်ကို ဝင်ရောက် ပုံကြမ်းတမ်းခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒယ်လီအလီဟာ အနီကတ် ထိပြီးကတည်းက ကိုမိုအသင်းရဲ့ နောက်ထပ်ပွဲတွေမှာ ပါဝင်ခွင့် မရတော့တာပါ။ 

အခုအချိန်မှာတော့ ဒယ်လီအလီဟာ ရာသီသစ်မတိုင်မီ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ကိုမိုအသင်း လူစာရင်းကနေ ဖယ်ထုတ်ခံထားရပြီး သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။ 

ဒယ်လီအလီနဲ့ ကိုမိုအသင်းရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် ရာသီကုန်အထိ ရှိနေပေမယ့် သူဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖို့ အလားအလာများနေတာပါ။

ဒယ်လီအလီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေဟာ အဆုံးသတ်ရဖို့ ရှိနေပါတယ်။

အင်္ဂလန်အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီ ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်း လူစာရင်းနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။ 

Source: Goal