CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀

စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ကိုမိုအသင်းကို လက်ထောက်နည်းပြ၊ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ စီးရီးအေပြိုင်ပွဲထံ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အသင်းရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

၂၁ နှစ်ကြာ ဝေးကွာခဲ့တဲ့ စီးရီးအေပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုမိုအသင်းဟာ ဖာဘရီဂတ်စ်ကို နည်းပြချုပ်အဖြစ် ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

၂၀၂၃ ခုနှစ်က ကိုမိုအသင်းမှာ ကစားသမားဘဝအဆုံးသတ်ခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကနေ ဒီဇင်ဘာအထိ ယာယီနည်းပြအဖြစ် ၅ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၃ ပွဲနိုင်၊၁ ပွဲသရေ၊၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်ထိ လက်ထောက်နည်းပြအဖြစ် တာဝန်ယူပြီးနောက် ရာသီသစ် မစတင်ခင်မှာ နည်းပြချုပ်အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရတာပါ။

ဖာဘရီဂတ်စ်ကိုတွေ့ရစဉ်

ဖာဘရီဂတ်စ်က "နည်းပြချုပ်အဖြစ်နဲ့ ရာသီစတင်ရမှာကို ပျော်ရွှင်ပြီး ယုံယုံကြည်ကြည်နဲ့ ကျနော့်ကို ဒီရာထူးပေးခဲ့တဲ့ ပိုင်ရှင်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ခက်ခက်ခဲခဲသွားရမှာဖြစ်သလို အရေးကြီးတဲ့ရာသီဖြစ်ပေမယ့် ကျနော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အဆင်သင့်ဖြစ်နေသလို ယုံကြည်မှုလည်း ရှိနေတယ်"လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကိုမိုအသင်းနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ရောဘတ်စ်ဟာ အသင်းရဲ့ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် တာဝန်ပေးခြင်းခံခဲ့ရတာပါ။ 

ကိုမိုအသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဝါရင့်ဂိုးသမား ရေနာ၊တိုက်စစ်မှူး ဘယ်လော့တီနဲ့ နောက်ခံလူ မိုရီနိုတို့ကို ခေါ်ယူအားဖြည့်ထားသလို ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဗာရန်းကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

ကိုမိုအသင်းဟာ ရာသီသစ်စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၉ ရက်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: CNA