CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃

စီးရီးအေကလပ် ကိုမိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။ 

ဇက်ခ်ဇီဟာ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကြီးမားတဲ့ ပရောဂျက်ထဲမှာ ပါဝင်နေပြီး ယူနိုက်တက်အသင်း ကလည်း သူ့ကို လာမယ့် အပြောင်းအရွှေ့မှာ အငှား ဒါမှမဟုတ် အပြီးသတ် အပြောင်းအရွှေ့အတွက် လမ်းဖွင့် ထားတာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဇက်ခ်ဇီဟာ နည်းပြ အာမိုရင် လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ကစားထားတဲ့ ၄ ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၁၄ လက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ အရန် ကစားသမားအဖြစ်သာ သတ်မှတ်ခံထားရတာပါ။

ယူနိုက်တက်အသင်းကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဇက်ခ်ဇီကို အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့အတွက် ပြုလုပ်လာမယ့် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကို တွေ့ရစဉ်

ကိုမိုအသင်းဟာ အသင်းရဲ့ တိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့နဲ့ စီးရီးအေ အမှတ်ပေးဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ဇက်ခ်ဇီကို ခေါ်ယူချင်နေတာပါ။ 

ပြီးခဲ့တဲ့နွေရာသီက ဇက်ခ်ဇီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ဇက်ခ်ဇီဟာ ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေကလပ် အသင်းတွေ ရဲ့အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။ 

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ပုံမှန်ကစားခွင့် ရချင်နေတာကြောင့် အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ 

ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ ဇက်ခ်ဇီဟာ လာမယ့် ဆန်းဒါးလန်း အသင်းနဲ့ပွဲစဉ်မှာလည်း လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal