CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃

အတ္တလန်တာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ကိုမိုအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် ပယ်နယ်တီကို နီကိုပက်ဇ် လွဲချော်ခဲ့ပြီးနောက် နည်းပြဖာဘရီဂတ်စ်က ဒါဟာ ဘောလုံးခရီးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြော ကာ ကာကွယ်ခဲ့ပါတယ်။ 

ဖာဘရီဂတ်စ်က “လူငယ်ကစားသမားတွေကို အပြုသဘောဆောင်ပြီး အားပေးတဲ့ မက်ဆေ့ချ်ပို့ပေးဖို့ အရေးကြီး ပါတယ်။ ပယ်နယ်တီ လွဲတာက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျနော် ကိုယ်တိုင်လည်း ပယ်နယ်တီ လွဲဖူး တယ်၊ မက်ဆီလည်း လွဲတယ်၊ ဂျွန်တယ်ရီလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လွဲခဲ့ပါတယ်။ ဒါတွေက တကယ်ကို နာကျင်စရာပါ။ နီကိုပက်ဇ်ကတော့ ဆိုးရွားတယ်ဆိုပြီး ခံစားနေမှာ ဖြစ်ပေမယ့် ကျနော်တို့ကတော့ အဲ့ဒီလို မမြင်ပါဘူး။ အမြဲတမ်း ကြိုးစားနေတာက အရေးကြီးပါတယ်”လို့ DAZN ကို ပြောခဲ့တာပါ။ 

ကိုမိုအသင်းအတွက် ဒုတိယမြောက် ရာသီအဖြစ် ကစားနေတဲ့ နီကိုပက်ဇ်ဟာ စီးရီးအေကလပ် ကစားသမား ဘဝ မှာ တတိယမြောက် ပယ်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

နီကိုပက်ဇ်ကို တွေ့ရစဉ်

အသက် ၂၁ နှစ်အရွယ်ရှိ နီကိုပက်ဇ်ဟာ ကိုမိုအသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတဲ့ သူဖြစ်ပြီး ဒီရာသီမှာ ကစားထားတဲ့ ၂၅ ပွဲမှာ ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာပါ။ 

နည်းပြဖာဘရီဂတ်စ် လက်ထက်မှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ ကိုမိုအသင်းဟာ ဒီရာသီ စီးရီးအေ ၂၃ ပွဲကစား အပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် ရရှိနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။

ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းနေသလို ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ကွာတား ဖိုင်နယ်ကို ရောက်ရှိနေပါတယ်။ 

ကိုမိုအသင်းဟာ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:besoccer