CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
အီတလီဂန္ထဝင် ကင်နာဗားရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
ကင်နာဗာရိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ နှုတ်နဲ့ သဘောတူညီထားပြီး ဥဇဘတ်ကစ္စတန်အသင်းဟာ သူ့ကိုအသင်းရဲ့ နည်းပြချုပ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်း ကြေညာသွားဖို့ ရှိနေတာပါ။
ကင်နာဗားရိုးဟာ အာရှဘောလုံးလောကနဲ့ အလွန်ရင်းနှီးပြီး သူဟာ အာရှမှာ ကလပ်နဲ့ နိုင်ငံအသင်းနည်းပြအဖြစ် ၇ နှစ်ကြာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ကင်နာဗားရိုးဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝအစကို ကွမ်ကျိုးအဲဗားဂရမ်ဒီအသင်းနဲ့ တရုတ်စူပါလိဂ် ပြိုင်ပွဲမှာ စတင်ခဲ့တာပါ။
အသက် ၅၂ နှစ်အရွယ်ရှိ ကင်နာဗားရိုးဟာ ကွမ်ကျိုးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး တရုတ်စူပါလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ခဲ့ပါတယ်။
ကင်နာဗားရိုးကို တွေ့ရစဉ်
ကင်နာဗားရိုးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအပြင် တရုတ် လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ် ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဥရောပထံ ပြန်လာကာ ဘီနီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတို့ကို ကာလတို ကိုင်တွယ်ခဲ့ပါတယ်။
ကင်နာဗားရိုးဟာ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းမှာ ၅ လသာကြာခဲ့ပြီး ၁၄ ပွဲကိုင်တွယ်ကာ ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၅၄ နေရာမှာ ရပ်တည်နေတဲ့ ဥဇဘတ်ကစ္စတန်အသင်းဟာ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့အတွက် နာမည်ကြီး နည်းပြတွေကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ ကင်နာဗားရိုးကို ခန့်အပ်တော့မှာပါ။
ဥဇဘတ်ကစ္စတန်အသင်းဟာ အောက်တိုဘာထဲမှာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ၉ ရက်မှာ ကူဝိတ်၊ ၁၃ ရက်မှာ ဥရုဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal