CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ရလဒ်တွေ ကောင်းမွန်မှုမရှိဘဲ အသင်းမှာ ဆက်ရှိမယ်လို့ ထင်မြင်တာ ဟာ နုံအခြင်း ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

အာမိုရင်က “ဒီမှာနုံအတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီပရောဂျက်ကို ဆက်ပြီး သွားချင်တယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ပိုင်ရှင် ၂ ဦးနဲ့ စပွန်ဆာတွေ အများကြီးရှိတဲ့ ကြီးမားတဲ့ ကလပ် ဖြစ်တာကြောင့် လူတိုင်းအတွက်မဖြစ်နိုင်တဲ့နေရာကို ရောက်ဖို့လိုပါတယ်။ ဒါကြောင့်ခက်ခဲပြီး ဟန်ချက် ညီဖို့လည်း အလွန်ခက်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဆန်းဒါးလန်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီမှာ သူ့ရဲ့နည်းပြ ရာထူးဟာ ဖိအားတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ လက ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ကိုင်တွယ် ထားတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ 

အာမိုရင်ကို တွေ့ရစဉ် 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် နည်းပြအာမိုရင်ဟာ ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ပါတယ်။ 

ဒါပေမယ့် အသင်းအနေနဲ့ ရလဒ်ကောင်းတွေ မရယူနိုင်ဘူးဆိုရင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ယုံကြည်မှုကို ဆက်ပြီး ရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ နည်းပြအာမိုရင်က လက်ခံထားတာပါ။

ယူနိုတက်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာပွဲတွေ မတိုင်မီ နောက်ဆုံးကစားမယ့် ဆန်းဒါးလန်း အသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရင် နည်းပြအာမိုရင် အတွက် ဖိအားတွေ ပိုပြီးများလာမှာ ဖြစ်ပါတယ်။ 

အာမိုရင်ကတော့ အသင်းရဲ့ အကြီးအကဲတွေကသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: ESPN