CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ဟာ သူ့ရဲ့မိခင် ကွယ်လွန်မှုကြောင့် အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ နော်ဝေအသင်းနဲ့ပွဲကို ကိုင်တွယ်နိုင်မှာ မဟုတ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က ပြောခဲ့ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နည်းပြ ဒက်ချမ့်စ်ဟာ သူ့ရဲ့မိခင် ကွယ်လွန်မှုကို အင်္ဂါနေ့ မနက်မှာ သိရှိခဲ့ပြီးနောက် ဈာပန အခမ်းအနားကို တက်ရောက်ဖို့ ပြင်သစ်ထံ ပြန်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် နော်ဝေအသင်းနဲ့ပွဲကို ပြင်သစ်အသင်းရဲ့ နည်းပြအဖြစ် လက်ထောက်နည်းပြ ဂိုင်းစတီဖန်က တာဝန် ယူ ကိုင်တွယ်သွားမှာပါ။
နည်းပြ ဒက်ချမ့်စ် အနေနဲ့ အမေရိကန်ထံ ဘယ်အချိန်မှာ ပြန်လာဖို့ မျှော်လင့်ထားလဲ ဆိုတာကိုတော့ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ခြင်း မရှိပါဘူး။

ပြင်သစ်အသင်းကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်ကတည်းက ပြင်သစ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အသင်းနည်းပြ ရာထူးကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဒက်ချမ့်စ်ဟာ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနား အသင်းကို အရေးနိမ့်ခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ပြင်သစ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး ၃၂ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။
နော်ဝေအသင်းကလည်း ၃၂ သင်းအဆင့် တက်ရောက် ထားတာကြောင့် ပြင်သစ်နဲ့ နော်ဝေအသင်းပွဲဟာ အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
