CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာဟာ နောက်ကျောဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ESPN က ဖော်ပြထားပါတယ်။
ဆာလီဘာဟာ သူ့ရဲ့ဒဏ်ရာ ပြင်းထန်မှု အခြေအနေကို သိရှိနိုင်ဖို့ စကန်ဖတ် စစ်ဆေးမှုတွေ ခံယူခဲ့ရပြီး အနား ယူဖို့နဲ့ ကုသမှုခံယူဖို့ အချိန်အကြာကြီးယူရရင် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မှာကို စိုးရိမ်နေပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ဒီပြိုင်ပွဲကို လွဲချော်မယ်ဆိုရင် ဆာလီဘာအတွက် အကြီးအကျယ် စိတ်ပျက်စရာဖြစ်လာမှာပါ။
ပြင်သစ်အသင်းနဲ့ နည်းပြ ဒက်ချမ့်စ်တို့အတွက်လည်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးကို ဆုံးရှုံး ရမယ်ဆိုရင် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ဖို့ ရှိနေပါတယ်။

ဆာလီဘာကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဆာလီဘာဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၅၂ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်တာနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့တာမှာ အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဆာလီဘာဟာ ပြင်သစ်အသင်းအတွက် ၃၁ ပွဲ ပါဝင်ကစားထားတာပါ။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့အုပ်စု I မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေအသင်းတို့နဲ့ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နိုင်ငံအတွင်းမှာ အိုင်ဗရီကို့စ်၊ မြောက်အိုင်ယာလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
Source: ESPN
