CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘရာဇီးလ်၊ ကိုလံဘီယာအသင်းတို့ကို အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲတွေက အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။
ဒက်ချမ့်စ်က “တောင်အမေရိက အင်အားကြီးအသင်း ၂ သင်းနဲ့ ယှဉ်ပြိုင်ရာမှာ အလွန် အပြုသဘောဆောင်တဲ့ အားကစား အကဲဖြတ်မှု တစ်ခုပါပဲ။ ကျနော်တို့ ကစားသမားတွေကို အခွင့်အရေး အများကြီးပေးခဲ့ပါတယ်။ ကစားသမားတွေကလည်း သူတို့မှာ အရည်အသွေးတွေရှိကြောင်း ပြသနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်း မထုတ်ပြန်မီ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကိုလံဘီယာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် ဒူယီက ၂ ဂိုးသွင်းပြီး သူရမ်က ၁ ဂိုးသွင်းယူကာ ကိုလံဘီယာအသင်းအတွက် ချေပဂိုးကို ကတ်ပါဇ်က သွင်းယူခဲ့တာပါ။
ပြင်သစ်အသင်းဟာ ဘရာဇီးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲက ပွဲထွက်လူစာရင်း ၁၁ ဦးစလုံးကို အပြောင်းအလဲပြုလုပ်ပြီး ကိုလံဘီယာအသင်းနဲ့ ကစားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ သူတို့ရဲ့ လူစာရင်း အင်အား တောင့်တင်းကြောင်း ပြသခဲ့ပြီး ကိုလံဘီယာအသင်းကို အနိုင်ရ ယူခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်ကိုတွေ့ရစဉ်
ပြင်သစ်အသင်း ကွင်းလယ်လူ ချာကီက ဒီခြေစမ်းပွဲ ၂ ပွဲမှာ သူတို့စွမ်းဆောင်နိုင်ခဲ့တာက အလွန်စိတ်ဝင်စားဖို့ ကောင်းခဲ့ပြီး ဇွန်လမှာကစားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီပွဲရဲ့ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဘတ်ပီဟာ တိုက်စစ်မှူးဟောင်း ဂီရော့ဒ်ရဲ့ ပြင်သစ်ဂိုးသွင်း အများဆုံးစံချိန်နဲ့ တူညီဖို့ နီးစပ်ခဲ့သေးတာပါ။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဇွန်လထဲမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ရှိနေပြီး ၁ ပွဲကတော့ အိုင်ဗရီကို့စ်အသင်းနဲ့ ဖြစ်ပါတယ်။
ပြင်သစ်အသင်း နည်းပြဒက်ချမ့်စ်ဟာ မေလ ၁၄ ရက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်း ထုတ်ပြန်မယ်လို့ သိရပါတယ်။
Source: CNA
