CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ဟာ နိုဝင်ဘာထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအတွက် ဝါရင့်ကွင်းလယ်လူ ကန်တီနဲ့ စပါးအသင်း တိုက်စစ်မှူး မူအာနီ အပါအဝင် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ မပါဝင် ခဲ့တဲ့ ကစားသမားအချို့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
PSG အသင်း ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ ဒူယီတို့ဟာ ဒဏ်ရာတွေကြောင့် ပြင်သစ်အသင်း လူစာရင်းထဲ ၂ ကြိမ်ဆက် ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။
ပွဲပယ်ကြောင့် ပြီးခဲ့တဲ့လက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပြင်သစ်အသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ ရီးရယ်လ် အသင်း ကွင်းလယ်လူ ချူအာမန်နီဟာ အခုတစ်ကြိမ်မှာလည်း ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နည်းပြ ဒက်ချမ့်စ်ဟာ ကွင်းလယ် နေရာအတွက် အယ်လ်အစ်တီဟတ်အသင်း ကွင်းလယ်လူ ကန်တီကို ပြန်လည်ခေါ်ယူခဲ့တာပါ။
ကန်တီဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာက အစ္စရေးအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကို တွေ့ရစဉ်
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ကန်တီဟာ အကောင်းဆုံးပုံစံမှာ ရှိနေပြီး သူ့ကို အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့ ခေါ်ယူခဲ့တယ်လို့ ပြောခဲ့တာပါ။
အောက်တိုဘာမှာ ပြင်သစ် ယူ-၂၁ အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဇိုင်ရီအမ်မရီကိုလည်း ပြင်သစ်အသင်းကြီး အတွက် ခေါ်ယူခဲ့ပါတယ်။
ကိုလိုမူအာနီဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဂိုးမသွင်း ယူနိုင်သေးပေမယ့် ကြံ့ခိုင်မှုပြည့်ဝပြီး လုပ်အားနှုန်း ကောင်းကောင်းနဲ့ နေရာစုံမှာ ကစားနိုင်တဲ့သူဖြစ်လို့ ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ် ခေါ်ယူခဲ့တာလို့ နည်းပြ ဒက်ချမ့်စ်က ပြောခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု D မှာ ၄ ပွဲ ကစားထားပြီး ၁၀ မှတ် ရရှိထားတဲ့ ပြင်သစ်အသင်းဟာ လာမယ့် ပွဲတွေအဖြစ် ယူကရိန်း၊ အဇာဘိုင်ဂျန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်းရရှိရင် ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
Source: CNA
