CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅

နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြင်သစ် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူခဲ့ပြီးနောက် အသင်းခေါင်းဆောင် လက်ပတ်က ဘတ်ပီကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ နည်းပြ ဒက်ချမ့်စ်က ပြောခဲ့ပါတယ်။

ဒက်ချမ့်စ်က “အသင်းခေါင်းဆောင် လက်ပတ်က သူ့ကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူဟာ ဒီမှာ ပါဝင်နေပြီး သူ့ကိုယ်သူ ပျော်ရွှင်နေပါတယ်။ သူဟာ အသင်းဖော်တွေလိုပဲ အစွမ်းကုန် ကြိုးစားပါတယ်။ သူဟာ နေရာတွေ လည်း ပြောင်းကစားပြီး ဘယ်လို အစားထိုး ရမလဲဆိုတာကို သူသိပါတယ်။ သူဟာ အသင်းခေါင်းဆောင် ဖြစ်ပေ မယ့် ဒီလိုမျိုးပွဲတွေ ကစားဖူးပါတယ်။ အသင်းမှာရှိတဲ့ သူတွေလိုပဲ သူဟာ အလွန်ကောင်းတဲ့ပွဲကို ဖန်တီးနိုင်ခဲ့ပြီး နိုင်ပွဲရယူလိုတဲ့ ဆန္ဒရှိပါတယ်”လို့ ပြောခဲ့တာပါ။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ နယ်သာလန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပြီး ဂိုးတွေကို ဘတ်ပီက ၂ ဂိုး၊ ဂရစ်ဇ်မန်းနဲ့ အူပါမီကာနိုတို့က သွင်းယူခဲ့ပါတယ်။

ဂရစ်ဇ်မန်း သွင်းယူတဲ့ အဖွင့်ဂိုးဆိုရင် ဘတ်ပီ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီဟာ ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာ ကြောင့် ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းမှာ ဘန်ဇီမာကို ကျော်ဖြတ်ပြီး နံပါတ် ၅ နေရာအထိ ရောက်ရှိလာခဲ့တာပါ။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းအတွက် ၃၈ ဂိုး သွင်းယူထားပြီး သူ့ရဲ့အထက်မှာ ပလာတီနီ၊ ဂရစ်ဇ်မန်း၊ အွန်နရီနဲ့ ဂီရော့ဒ်တို့ ရှိနေတာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ဂရစ်ဇ်မန်း အောင်ပွဲခံနေကြစဉ်

ဘတ်ပီကို ပြင်သစ် အသင်းခေါင်းဆောင် တာဝန်ပေးခဲ့တာကြောင့် စိတ်ပျက်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေ တဲ့ ဂရစ်ဇ်မန်းဟာ ဒီပွဲမှာ ဘတ်ပီနဲ့အတူ အောင်ပွဲခံပြီး သတင်းတွေကို တုန့်ပြန်သွားခဲ့တာပါ။

ဘတ်ပီက “ကျနော်တို့ဟာ ပရိသတ်တွေ စိတ်မပျက်စေဖို့အတွက် တစ်ပတ်လုံး ကောင်းမွန်စွာ ပြင်ဆင်ခဲ့ပါတယ်။ ဗိုလ်လုပွဲကလွဲပြီး ကမ္ဘာ့ဖလားမှာရှိခဲ့တဲ့ ကျနော်တို့ရဲ့ ပုံစံအတိုင်း လိုက်ပြီး လုပ်ချင်ခဲ့တာပါ။ ကျနော်တို့ အလွန် ပျော်ရွှင်ပါတယ်။ ကျနော်ဟာ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပြီး အသင်းကို ကူညီမယ်။ ပြီးတော့ အသင်းကို ဒီထက် ပိုပြီး လုပ်ဆောင် နိုင်အောင် ကြိုးစားသွားမယ်။ ဒီနေ့ အလုပ်ဖြစ်ခဲ့ပေမယ့် ဒါက အစပဲရှိသေးတယ်”လို့ ပြောခဲ့ပါ တယ်။

ပြင်သစ်အသင်းဟာ တနင်္လာနေ့မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail