CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅

ဆွီဒင်အသင်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းအတွက် ဟတ်ထရစ်ဂိုး သွင်းယူပြီး နောက် တိုက်စစ်မှူး လူကာကူက ဒါဟာလူတိုင်းအတွက် အသစ်စတင်တာလို့ ပြောခဲ့ပါတယ်။

လူကာကူက “ကျနော် အသင်းအတွက် ဘာတွေ ယူဆောင်လာနိုင်မလဲ ဆိုတာကို ကျနော်သိပါတယ်။ ဒါဟာ ရှုပ်ထွေးတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး လူငယ်တွေကို အတက်နိုင်ဆုံး ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့တွေ အသက် ငယ်ငယ် ရွယ်ရွယ်နဲ့ ကြုံတွေ့လာရတဲ့ အလားအလာတွေကို မြင်တွေ့ရတာ ကျနော် ပျော်ရွှင်မိပါတယ်။ ကောင်းမွန်စွာ စတင်ဖို့က အရေးကြီးပါတယ်။ လူတိုင်းအတွက် အသစ်စတင်တာဆိုပြီး အဝတ်လဲခန်းထဲမှာ ကျနော် ပြောခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အပေါင်းလက္ခဏာဆောင်ပြီး အရှေ့ကို ဆက်သွားရမှာပါ”လို့ RTBF ကို ပြောခဲ့တာပါ။

ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းဟာ ဆွီဒင်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၃ ဂိုးစလုံးကို လူကာကူက သွင်းယူခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ဘယ်လ်ဂျီယံအတွက် ဂိုးမသွင်းနိုင်ခဲ့တဲ့ လူကာကူအတွက်တော့ ဟတ်ထရစ်သွင်းပြီး ဂိုးပေါက် ပျောက်ဆုံးမှုကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခဲ့ရပြီးနောက် နည်းပြသစ်အဖြစ် တာဒတ်စကိုကို ခန့်အပ်ခဲ့ တာပါ။

ဘယ်လ်ဂျီယံအသင်း နည်းပြသစ်အဖြစ် ပထမဆုံးပွဲ ကိုင်တွယ်ခဲ့တဲ့ တာဒတ်စကို အတွက်လည်း ပွဲဦးထွက်ကို နိုင်ပွဲရယူနိုင်ခဲ့တာပါ။ တာဒတ်စကိုကတော့ ရလဒ်ကောင်းမွန်မှုအတွက် အသင်းစိတ်ဓါတ်ပိုင်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

တာဒတ်စကိုက “တကယ်ကို ကောင်းမွန်တဲ့ ရလဒ်ပါ။ ကွင်းထဲမှာရှိတဲ့ ကစားသမားတွေတင် မဟုတ်ဘဲ အရန်ခုံ မှာရှိတဲ့ ကစားသမားတွေဆီမှာလည်း ကောင်းမွန်တဲ့ စိတ်ဓါတ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။ တကယ်ကို စည်းလုံး ညီညွတ်တဲ့ စိတ်ဓါတ်ပါပဲ”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့တဲ့ ဆွီဒင်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဟာ ယူရိုခြေစစ်ပွဲ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ လက်ရွေးစင်အသင်းကို ကူညီနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ရှုံးပွဲနဲ့ ကြုံတွေ့ ခဲ့ရတာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲအပြီးမှာ ဂျာမနီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဆွီဒင်အသင်းကတော့ ယူရို ခြေစစ်ပွဲအဖြစ် အဇာဘိုင်ဂျန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Brusselstimes