CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈

စီးရီးအေကလပ် နာပိုလီအသင်းဟာ လူကာကူကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပေမယ့် သူတို့ရဲ့ ပထမဆုံးကမ်းလှမ်းမှုဟာ လန်ဒန်ကလပ်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် နည်းပါးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ လူကာကူကို ချယ်လ်ဆီးအသင်းက ဒီနွေရာသီ မှာ ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။

လူကာကူကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေ အပါအဝင် အသင်းအချို့က စိတ်ဝင်စားမှုရှိနေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းကတော့ လူကာကူကို ခေါ်ယူချင်ရင် သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၈ သန်းပေးချေရင် ခေါ်ယူလို့ရမယ်လို့ ပြောထားတာပါ။ 

နာပိုလီအသင်းဟာ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် သူနဲ့အတူ အင်တာမီလန်အသင်းမှာ လက်တွဲ ခဲ့တဲ့ လူကာကူကို အသင်းထံ ခေါ်ယူပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် နာပိုလီအသင်းဟာ လူကာကူအတွက် ချယ်လ်ဆီးအသင်းကို ပေါင် ၁၃ သန်း၊ အပိုဆုကြေး ပေါင် ၂.၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ La Repubblica က ဖော်ပြထားတာပါ။ 

လူကာကူနဲ့ကွန်တီကိုတွေ့ရစဉ်

လူကာကူဟာ နည်းပြဟောင်း ကွန်တီရှိတဲ့ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို အေစီမီလန်အသင်းကလည်း သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။

လူကာကူဟာ အနာဂတ်မှာ အသင်းဟောင်း အန်ဒါလက်ချ်အသင်းထံ ပြန်ချင်နေပြီး ဆော်ဒီကို ပြောင်းရွှေ့ဖို့လည်း လမ်းဖွင့်ထားတယ်လို့ မကြာသေးခင်က အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက် ၄၇ ပွဲ ကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စီးရီးအေကလပ် အသင်းတွေမှာ ကစားတိုင်း အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တဲ့ လူကာကူကို ခေါ်ယူချင်ရင် နာပိုလီအသင်းဟာ ချယ်လ်ဆီးအသင်းထံ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုပြုလုပ်ရဖို့ ရှိနေတာပါ။

နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်ဟာ နွေရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိနေတာကြောင့် အီတလီ ကလပ်ဟာ သူ့ကို ရောင်းချပြီး ရရှိလာမယ့် ပြောင်းရွှေ့ကြေးတွေနဲ့ လူကာကူကို ခေါ်ယူဖို့ လုပ်ဆောင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal