CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူက သူဟာ ယူနိုက်တက်အသင်းထံ မပြောင်းရွှေ့ချင်ခဲ့ဘူးလို့ အင်တာဗျူး တစ်ခုမှာ ဖွင့်ဟလာခဲ့ပါတယ်။
လူကာကူက “ကျနော် ချယ်လ်ဆီးအသင်းကို သွားမယ်လို့ လူတိုင်းကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက် မော်ရင်ဟိုက ကျနော့်ဆီကို ဖုန်းဆက်ပြီး ယူနိုက်တက်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကျနော်လည်း အားလပ်ရက်ကနေ ပြန်လာပြီး အဲဗာတန်အသင်းနဲ့ သဘောတူညီမှု ယူခဲ့ရပါတယ်။ အပြောင်းအရွှေ့ အပြီးမှာ ကျနော်ဒါကို မလိုချင်ဘူးဆိုတာ ရိုင်အိုလာကို ပြောခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ကျနော်ဟာ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ Het Nieuwsblad နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းမှာ ခြေစွမ်းပြသနေတဲ့ လူကာကူကို ၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၇၅ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ပွဲဦးထွက်မှာ ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။
လူကာကူကို တွေ့ရစဉ်
နည်းပြမော်ရင်ဟို၊ ဆိုးလ်ရှားတို့ရဲ့ လက်အောက်မှာ အောင်မြင်မှု မရခဲ့တဲ့ လူကာကူဟာ ယူနိုက်တက်အသင်းမှာ နှစ်ရာသီကြာ ကစားပြီးနောက် အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ၉၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အခုအချိန်မှာတော့ လူကာကူက သူဟာ နည်းပြမော်ရင်ဟိုကြောင့် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး ဒီအပြောင်းအရွှေ့ကို မလိုချင်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
လူကာကူဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာချိန်မှာ အသင်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့လို့ အသင်းပရိသတ် တွေရဲ့ မနှစ်သက်မှုကို ခံနေရတာဖြစ်ပါတယ်။
လူကာကူဟာ အင်တာမီလန်အသင်းမှာ နှစ်ရာသီကြာ ကစားပြီးနောက် သူပြောင်းရွှေ့ချင်နေတဲ့ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့ခွင့် ရခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ တစ်ရာသီကြာသာ ကစားခွင့်ရခဲ့ပြီး မနှစ်ကနွေရာသီမှာ အပြီးသတ် ရောင်းချခြင်း ခံခဲ့ရတာပါ။
လူကာကူဟာ လက်ရှိအချိန်မှာ နာပိုလီအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက စီးရီးအေဖလား ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal