CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

စကော့တလန် ကွင်းလယ်လူ တိုမီနေးဟာ ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ်ရှိတယ်လို့ ထင်ကြေး သတင်းတွေ ထွက်နေပေမယ့် နာပိုလီအသင်းအတွက် အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

တိုမီနေးက “ကျနော့်ရဲ့ အေးဂျင့်က ကျနော့် အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဆက်သွယ်ခြင်း မရှိပါဘူး။ သူဟာ ကျနော်ရယ်၊ ကလပ်အသင်းနဲ့ပဲ စကားပြောပါတယ်။ ကျနော် ဒီမှာ အလွန်ပျော်ရွှင်နေသလို ကျနော်ဟာ နာပိုလီ ကစားသမား ဖြစ်တယ်ဆိုတာပဲ ကျနော် တွေးနေတာပါ။ အနာဂတ်က အလွန်အရေးကြီးပြီး နာပိုလီမှာ ကျနော် အချိန်အကြာကြီး ရှိနေနိုင်ဆိုတာ မြင်ယောင်မိတယ်”လို့ Il Corriere dello Sport ကိုပြောခဲ့တာပါ။ 

၂၀၂၄ ခုနှစ် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုမီနေးဟာ မနှစ်ကရာသီက နာပိုလီအသင်း စီးရီးအေ ချန်ပီယံဆု ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

တိုမီနေးကိုတွေ့ရစဉ်

နာပိုလီအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အသင်းဟောင်း ယူနိုက်တက်အသင်း အပါအဝင် ပရီးမီးယား လိဂ် ကလပ်အများအပြားက သူ့ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ 

ဒါပေမယ့် အသက် ၂၉ နှစ်အရွယ်ရှိ တိုမီနေးက သူဟာ နာပိုလီအသင်းအတွက်ပဲ အာရုံစိုက်နေပြီး နေပယ်လ်စ်မှာ နေထိုင်ရတာကို နှစ်သက်သလို သူ့မိသားစုဟာ ဒီမှာကောင်းမွန်စွာ အခြေချ နေထိုင်နေကြတယ်လို့ ပြောခဲ့ပါ တယ်။ 

နာပိုလီအသင်း ဒါရိုက်တာ ဂျီယန်မာရီယိုလီက တိုမီနေး အင်္ဂလန်ထံ ပြန်သွားမှာကို စိုးရိမ်မိကြောင်း ဝန်ခံခဲ့ ပေမယ့် သူဟာ ထိပ်တန်းအသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။ 

နာပိုလီအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ မကောင်းဖြစ်နေပေမယ့် တိုမီနေးကတော့ ခြေစွမ်းကောင်းတွေ ပြသနေဆဲဖြစ်ပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားတာမှာ ၁၀ ဂိုး သွင်းယူထားပါတယ်။ 

Source: Goal