CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

စပါးအသင်းနည်းပြသစ် အီဂေါတူဒေါက အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းရမယ့် အခြေအနေကို ရှောင်နိုင်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းယုံကြည်မှုရှိတယ်လို့ အာဆင်နယ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ ပြောခဲ့ပါတယ်။ 

အီဂေါတူဒေါက “လာမယ့်ရာသီ စပါးအသင်း ပရီးမီးယားလိဂ်မှာ ဆက်ရှိမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါ တယ်။ တန်းဆင်းဇုန် တိုက်ပွဲက အရေးမကြီးပါဘူး။ နေရာတိုင်းအတွက် တိုက်ပွဲဝင်နေရတာဖြစ်ပြီး အပတ်တိုင်းနဲ့ တနင်္ဂနွေနေ့မှာ လုပ်ဆောင်တဲ့ အရာတွေကြောင့် ဒီနေရာကို ရရှိနေတာပါ။ ကျနော်တို့ဟာ အာရုံစိုက်ဖို့ လိုအပ်ပြီး ကစားသမားတွေက ကျနော်တို့ ဘာလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါက ရည်မှန်းချက်ပါ”လို့ ပြောခဲ့တာပါ။ 

နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ စပါးအသင်းဟာ တန်းဆင်းဇုန်နဲ့ အမှတ်ကွာဟမှု နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

 စပါးအသင်း နည်းပြသစ် အီဂေါတူဒေါကို တွေ့ရစဉ်

အဲ့ဒါကြောင့် စပါးအသင်းဟာ နည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ပြီး ဂျူဗင်တပ်စ်အသင်း နည်းပြဟောင်း အီဂေါတူဒေါကို ရာသီကုန်အထိ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

အီဂေါတူဒေါဟာ စပါးအသင်းနည်းပြဘဝ သူ့ရဲ့ပထမဆုံးပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ပွဲကို စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း အကြောင်းကို ကောင်းတာတွေ အများကြီးကြားခဲ့ရပေမယ့် အသင်းဘက်က ချက်ချင်း ပြောင်းလဲမှုတစ်ခု လုပ်ချင်တယ်ဆိုတာကို သူတို့ကို ပြသသွားဖို့ လိုအပ်တယ်လို့ အီဂေါတူဒေါက ပြောခဲ့ပါတယ်။ 

စပါးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမား အများအပြား ဒဏ်ရာရရှိနေပြီး လေ့ကျင့်ခန်း အစီအစဉ်မှာ ကစားသမား ၁၃ ဦးသာရှိပေမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ သူတို့လိုချင်တဲ့အရာကို ရရှိဖို့လုံလောက်တယ်လို့ နည်းပြ အီဂေါတူဒေါက ပြောခဲ့တာပါ။

စပါးအသင်းခေါင်းဆောင် ရိုမဲရိုးဟာ ပွဲပယ်ကြောင့် အာဆင်နယ်အသင်းနဲ့ပွဲကို လွဲချော်မှာ ဖြစ်တဲ့အတွက် ဒီပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဘယ်သူ ဝတ်ဆင်မလဲဆိုတာ ပွဲနေ့ကျရင် မြင်တွေ့ရမယ်လို့လည်း အီဂေါတူဒေါက ပြောခဲ့ပါတယ်။ 

Source: CNA