CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ကို ပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုဟာ ကြီးမားတဲ့ အမှား ပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ကွန်ပနီက “မော်ရင်ဟိုဟာ ဗီနီစီးယက်စ်ရဲ့ အောင်ပွဲခံတဲ့ ပုံစံနဲ့ပတ်သက်ပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ကျနော့်အတွက် ခေါင်းဆောင်မှုအရ ဒါက ကြီးမားတဲ့ အမှားဖြစ်ပြီး လက်မခံသင့်တဲ့ အရာပါ။ မော်ရင်ဟိုနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ လူ ၁၀၀ ကို ကျနော်သိပြီး သူတို့ဆီကနေ သူ့အကြောင်း မကောင်းပြောတာ မကြားခဲ့ရပါဘူး။ ဒါပေမယ့် မော်ရင်ဟိုဟာ ဗီနီစီးယက်စ်ကို ပြောခဲ့တာနဲ့ပတ်သက်ပြီး သူအမှားလုပ်မိခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲ မှာ ဗီနီစီးယက်စ်ဟာ သူ့ရဲ့ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ပုံစံနဲ့ ဘင်ဖီကာ ကစားသမားတွေကို နှိုးဆွခဲ့တယ်လို့ ပေါ်တူဂီ ကလပ်နည်းပြ မော်ရင်ဟိုက ပြောခဲ့တာပါ။
အောင်ပွဲခံပြီးနောက်မှာ ဘင်ဖီကာအသင်း ကြယ်ပွင့် ပရက်စ်တီယန်နီက သူ့ကို လူမျိုးရေး ခွဲခြားမှုပြုလုပ်ခဲ့တယ် လို့ ဗီနီစီးယက်စ်က ကွင်းလယ် ဒိုင်လူကြီးကို ပြောခဲ့တာဖြစ်ပါတယ်။

ဗီနီစီးယက်စ်နဲ့ ဘင်ဖီကာ ကစားသမားကို တွေ့ရစဉ်
ကွင်းလယ်ဒိုင်လူကြီးက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို အသက်သွင်းကာ ပွဲကို ၁၀ မိနစ် ကြာ ရပ်တန့်ခဲ့ပြီး UEFA ကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေတာပါ။
မော်ရင်ဟိုက ဗီနီစီးယက်စ်ကစားတဲ့ အားကစားကွင်းတိုင်းမှာ ဒီလိုအရာတွေက အမြဲတမ်း ဖြစ်လေ့ရှိပြီး သူ့ အနေနဲ့ အောင်ပွဲခံပြီးရင် ကိုယ့်နေရာကို ပြန်သွားတာက အကောင်းဆုံးပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ကွန်ပနီကတော့ မော်ရင်ဟိုရဲ့ ဒီမှတ်ချက်တွေကို ရှုတ်ချခဲ့ပါတယ်။
ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး နည်းပြတွေနဲ့ ကစားသမားတွေကလည်း ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Source: ESPN
