ထရူဘင်ရဲ့နောက်ဆုံးမိနစ်ဂိုးကို သမိုင်းဝင်ဂိုးလို့ မော်ရင်ဟို ပြော 

CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉

ဘင်ဖီကာအသင်းက ရီးရယ်လ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ နောက်ဆုံးမိနစ် သွင်းဂိုး သွင်းပြီး အသင်းကို ဒီပြိုင်ပွဲမှာ ဆက်ပြီးရှိနေစေခဲ့တဲ့ ယူကရိန်းဂိုးသမား ထရူဘင်ရဲ့ဂိုးကို သမိုင်းဝင်ဂိုးလို့ ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ 

မော်ရင်ဟိုက “၃ ဂိုး-၂ ဂိုးဆိုတဲ့ ရလဒ်က မလုံလောက်တဲ့ အချိန်မှာ ကံကောင်းတာက ကျနော်တို့ တည်ကန်ဘော ရခဲ့ပါတယ်။ ကျနော်ဟာ ထရူဘင်ကို ဂိုးဧရိယာထဲ သွားခွင့်ပေးခဲ့ပြီး သူဟာ ဂိုးဧရိယာထဲဝင်ကာ အံ့သြဖွယ်ကောင်း တဲ့ သွင်းဂိုး၊ သမိုင်းဝင် သွင်းဂိုးသွင်းယူခဲ့ပါတယ်။ အားကစားကွင်းကြီး ပြိုကျတော့မလိုကို ခံစားခဲ့ရပါတယ်။ မယုံနိုင်စရာပါပဲ”လို့ Movistar Plus နဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဘင်ဖီကာအသင်းဟာ ရီးရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့သာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာ ရရှိတဲ့ ဖရီးကစ်ကို ဂိုးသမား ထရူဘင်က ခေါင်းတိုက်ပြီး သွင်းဂိုး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်ဖီကာအသင်းဟာ ဒီသွင်းဂိုးကြောင့် ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့ ပလေးအော့ဖ် ဆက်ပြီး ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါ တယ်။ 

မော်ရင်ဟိုကို တွေ့ရစဉ်

ရီးရယ်လ်အသင်းကလည်း ဒီရှုံးပွဲကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက် မတက်နိုင်ဘဲ ပလေးအော့ဖ် ယှဉ်ပြိုင် ရမှာပါ။ 

ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တာဟာ ဘင်ဖီကာအသင်းအတွက် မယုံနိုင်လောက်အောင် ဂုဏ်သိက္ခာရှိပြီး အနိုင်ရဖို့ ထိုက်တန်တယ်လို့လည်း မော်ရင်ဟိုက ပြောခဲ့ပါတယ်။ 

ဘင်ဖီကာအသင်း ဂိုးသမား ထရူဘင်က ရူးသွပ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ပြီး ဒါဟာ သူ့ရဲ့အသက် ၂၄ နှစ် အရွယ်မှာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် မယုံနိုင်လောက်အောင်ပါပဲလို့ ပြောခဲ့တာပါ။ 

ဘင်ဖီကာအသင်းဟာ နှစ်ကျော့ကစားရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ရီးရယ်လ်အသင်း ဒါမှမဟုတ် အင်တာမီလန်အသင်းနဲ့ တွေ့ဆုံရမယ်လို့ သိရပါတယ်။ 

Source: CNA