CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား နယ်စပ်ကုန်သွယ်ရေးကို တခြားသော မည်သည့် အဖွဲ့အစည်းမှ သက်ဆိုင်ခြင်းမရှိဘဲ အစိုးရကပဲ စီမံခန့်ခွဲခွင့်ရှိသည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင်လည်း နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုးစားလျက် ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ Phoenix သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှာ အစိုးရနဲ့ပဲ ဆိုင်တယ်။ အစိုးရပဲ လုပ်ရမယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့ မရဘူး။ ဒီလိုပဲ နယ်စပ်ဒေသ စီမံခန့်ခွဲမှုမကဘူး နယ်စပ်ဒေသ ကုန်သွယ်ရေး ကိစ္စဆိုတာလည်း နှစ်နိုင်ငံ crop border ပေါ့နော်၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရကနေပြီးတော့ပဲ လုပ်ရမယ်။ ဒါကို ကျနော်တို့က ရ အောင် ဖန်တီးရမှာ။ ကျနော်တို့မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် လမ်းကြောင်းများကို လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လျက်ရှိပြီး ရေကြောင်းကနေသာ ကုန် သွယ်မှုတချို့ လုပ်ကိုင်နေကြရသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့ဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ တည်ရှိသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ Phoenix သတင်းဌာန အင်တာဗျူးလုပ်နေကြစဉ်

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး လက်ရှိ အခြေအနေအရ ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု ရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ သဘောထားသည်လည်း အရေးကြီးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြသည်။

မြန်မာအစိုးရ၊ တရုတ်နိုင်ငံနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်ခံနိုင်သည့် နည်းလမ်းကို ရရှိမှသာ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသည် ပြန်လည်ကောင်းမွန်လာမည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင် သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တည်ဆဲဥပဒေအရ ၂၀၀၈ ပဲ။ ၂၀၀၈ ရဲ့ ဖွဲ့စည်းပုံသည် rule ပိုင်းသည် government ပဲ ဖြစ်ရမယ် border trade ပေါ့။ အဲဒီတော့ rule ပိုင်းသည် government မဖြစ်ဘူးဆိုရင် ဒါက အဆင်မပြေဘူးလေ။ rule ပိုင်းသည် government ဆိုတာလည်း တိုင်းပြည် တစ်ခုလုံးအတွက်ကို ခြုံငုံပြီးတော့ ပြောတာလေ။ အစိုးရဘက်ကို လိုက်ပြီး ပြောတာ မဟုတ်ဘူး။ အဲဒီတော့ ဒါသည် နယ်စပ်ကုန်သွယ်ရေးမှာ ဒီပြင် တိုင်းရင်းသား လက်နက်ကိုင်တွေက ဝင် ပြီး စီရင်တယ်၊ စီမံတယ်၊ အခွန်ကောက်တယ်ဆိုတာ ဒါကြီးက သဘာဝမကျဘူး။ အဲဒီတော့ အဲဒီလို အခြေအနေ မရောက်အောင် ဘယ်လိုညှိမလဲပေါ့။ ဒီအချိန်မှာ ကျနော့် အမြင်ကတော့ တစ်ဖက်က တရုတ်ရဲ့သဘောထား လည်း အရေးကြီးလာပြီလို့ ထင်တာပေါ့။ တရုတ်က ဘယ်လိုညှိပေးမလဲ။ ကိုယ်က ဩဇာ မညောင်းဘူးလို့ မပြော လိုဘူး။ သို့သော်ငြားလည်း လောလောဆယ် တရုတ်က ကိုယ့်ထက် ပိုပြီးတော့ ဩဇာညောင်းတယ်။ ငြင်းလို့မရတဲ့ အချက်ပဲ။ အဲဒီအပေါ်မှာ တရုတ်ရဲ့ သဘောထားက အရေးကြီးတာပေါ့။ နောက်တစ်ခုက တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ အမြင်ကျယ်မှုပေါ့။ rule ပိုင်းသည် government ဆိုတာ အမှန်တရားပဲလေ။ သူတို့လက်ခံဖို့ လိုတာ ပေါ့။ ဘယ်လို လက်ခံအောင် လုပ်မလဲဆိုတာက နည်းလမ်းတော့ ရှိဖို့လိုတာပေါ့။ အဲဒါဆိုရင်တော့  နယ်စပ် ကုန် သွယ်ရေး အထူးသဖြင့်တော့ တရုတ်ပြည်နဲ့ ကုန်သွယ်ရေးက အရင်လို ဖြစ်လာမှာပေါ့နော်” ဟု ပြောသည်။

 ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်က မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ -AFP)

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များက အချိုးစား ခွဲဝေမှု တောင်းဆိုခြင်းများ ရှိနေပြီး ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် KNU က ၁၀ ရာခိုင်နှုန်း၊ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် MNDAA နှင့် TNLA က ၃၀ ရာခိုင်နှုန်း တောင်းဆိုထား ကြောင်း သိရသည်။

သို့သော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရာခိုင်နှုန်း သတ်မှတ်၍ ဆောင်ရွက်ခြင်းသည် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို အသိအမှတ်ပြုရာ ရောက်သွားနိုင်သည့် အတွက် အစိုးရအနေဖြင့်လည်း ထိုကဲ့သို့ အပေးအယူမျိုး ဆောင်ရွက်နိုင်ခြေနည်းကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။