CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံတွင် အသက်အငယ်ဆုံး ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် အဖွဲ့ဝင် ၃၅ ဦး ပါဝင်သည့်  အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း ထိုအစိုးရအဖွဲ့၏ သက်တမ်းသည် ရှည်ကြာမည် ဟုတ်/မဟုတ်ကို ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဝန်ကြီးချုပ်သစ် ပေတုန်တန် ဖွဲ့စည်းသည့် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် အံအားသင့်ဖွယ် အပြောင်းအလဲများ ပါဝင်ခဲ့သည်။

ပေတုန်တန်၏ အာဏာရဖြူးထိုင်းပါတီ၏ ကာလကြာရှည် ရန်ဘက်ဖြစ်ခဲ့သည့် ဒီမိုကရက်ပါတီသည် အစိုးရအဖွဲ့ ထဲ ပါဝင်လာခဲ့ကာ ယခင်ညွန့်ပေါင်းအဖွဲ့ထဲ ပါဝင်ခဲ့သော Palang Pracharath ပါတီသည် အစိုးရအဖွဲ့ထဲမှ ချန်လှပ်ခံခဲ့ရသည်။

ဖြူးထိုင်းပါတီနှင့် ဒီမိုကရက်ပါတီအကြား မဟာမိတ်ဖွဲ့မှုအပေါ် လူထုက အကောင်းမြင်သည့် ရှုထောင့်မှ ရှုမြင်ခဲ့ ခြင်းမရှိပေ။

ပေတုန်တန်ကို တွေ့ရစဉ် 

အဘယ်ကြောင့်ဆိုသော် ဖြူးထိုင်းပါတီသည် လစ်ဘရယ်ဆန်ပြီး ထိုင်း၏ သက်တမ်း အရှည်ကြာဆုံး ဒီမိုကရက် ပါတီသည် ကွန်ဆာဗေးတစ် ဆန်ခြင်းကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဖြူးထိုင်းပါတီ ခေါင်းဆောင်များကမူ အစိုးရအဖွဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီး ဒီမိုကရက်ပါတီနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။

ထို့ပြင် နောက်ထပ် အံ့အားသင့်ဖွယ် အပြောင်းအလဲတစ်ခုမှာ United Thai Nation ပါတီ အတွင်းရေးမှူးချုပ် အန်ကန့်နက် ပရွတ်ပန် (Akanat Promphan) ကို စက်မှုဝန်ကြီးအဖြစ် ခန့်အပ်မှုဖြစ်သည်။

အန်ကန့်နက်သည် ပေတုန်တန်၏ အဒေါ်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ၏ အစိုးရကို ပြုတ်ကျစေခဲ့သည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ထောက်ခံခဲ့သူဖြစ်သည်။

အန်ကန့်နက်ကို တွေ့ရစဉ်

အန်ကန့်နက်ကမူ ပေတုန်တန်၏ အစိုးရအဖွဲ့ထဲကို ဝင်ရောက်ခြင်းသည် ခြိမ်းခြောက်မှု အသစ်တစ်ခုကို ပူးပေါင်း ရင်ဆိုင်ဖြေရှင်းရန်အတွက်ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

အန်ကန့်နက်သည် အလုံးစုံ ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်သည့် ပြည်သူ့ပါတီ (ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီကို အမည်အသစ်ပြောင်းလဲပြီး ဖွဲ့စည်းခဲ့သည့်ပါတီ) ၏ အင်အားကြီးထွားလာမှုကို ရည်ညွှန်းသည့် အနေဖြင့် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ပေတုန်တန်အ စိုးရအဖွဲ့၏ အတွင်းစည်းထဲတွင် ယခင်ရန်ဘက်များ ပါဝင်လာခြင်းကြောင့် အစိုးရအဖွဲ့၏ သက်တမ်းအပေါ် မေးခွန်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

သို့သော် တစ်ဖက်တွင်လည်း အစိုးရအဖွဲ့သစ်ထဲတွင် အမျိုးသမီးများကို ပိုမိုနေရာ ပေးလာသဖြင့် အပြုသဘော ဆောင်သည့်ဘက်မှ ရှုမြင်ခဲ့ကြသည့် ကျွမ်းကျင်သူအချို့လည်း ရှိခဲ့သည်။

Source: Thai PBS World