CNI International News

ဘန်ကောက်၊ သြဂုတ် ၁၆

ထိုင်းနှင့်ကမ္ဘောဒီးယားကြား မကြာသေးမီးက ဖြစ်ပွားခဲ့သည့် နယ်စပ်ဒေသ ပဋိပက္ခအပြီးတွင် အရပ်သားအစိုးရ ထက် စစ်အစိုးရကို လိုလားသူများ ပိုမိုအင်အားတောင့်တင်းလာစေခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ၁၉၃၁ ခုနှစ် နောက်ပိုင်း စစ်တပ်၏ အာဏာသိမ်းမှု ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်သည် ထိုင်းနိုင်ငံရေး၌ သြဇာလွှမ်းမိုးထားသည့် အင်အားစုတစ်ခုဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် စစ်တပ်သည် ထိုင်းနိုင်ငံကို ဆယ်စုနှစ် တစ်စုနီးပါးကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲနောက် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်၌ စစ်တပ်က အာဏာသိမ်းနိုင်ခြေ ရှိ၊မရှိ မေးခွန်းများ ထွက်ပေါ်နေသော်လည်း ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားပြီးနောက် စစ်တပ်၏ သြဇာ အာဏာသည် ပိုမိုအင်အား ကြီးမာလာသဖြင့် ချက်ချင်း အာဏာသိမ်းနိုင်ခြေမရှိကြောင်း ကျွမ်းကျင်သူများက ယူဆထားကြသည်။

ဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်

လက်ရှိ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ပေတုန်တန်(Paetongtarn Shinawatra) ၏ ညွန့်ပေါင်းအစိုးရ အဖွဲ့သည် လူထုထောက်ခံမှု လျော့ကျနေပြီး ပေတုန်တန်သည်လည်း ကမ္ဘောဒီးယားနှင့် ပဋိပက္ခဖြစ်ပွားချိန် အတွင်း  ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ မှုကြောင့် ရာထူးမှ ဖယ်ရှားခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ပေတုန်တန်ကို ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံးက ဇူလိုင်လ အစောပိုင်းတွင် ဝန်ကြီးချုပ်တာဝန်မှ ဆိုင်းငံ့ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ထိုအမှုကို စီရင်ချက်ချမည်ဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်ကို ပြစ်မှုထင်ရှား တွေ့ရှိပြီး ရာထူးမှ ဖယ်ရှားခဲ့မည်ဆိုပါက ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၊ အဒေါ်ဖြစ်သူ ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) တို့အပြီးတွင် ရာထူးမှ ဖြုတ်ချခံရသည့် တတိယမြောက် ရှင်နာဝပ်မိသားစုဝင် ဖြစ်လာ မည် ဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်

သက်ဆင်နှင့် ယင်းလပ်တို့သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် စစ်အာဏာသိမ်းမှုများဖြင့် ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ထိုင်းစစ်တပ်သည် ပြည်သူများကြား မျိုးချစ်ဝါဒကို မြင့်တက်စေခဲ့ပြီး ထင်ရှားကျော်ကြားသူ များနှင့် နိုင်ငံရေး သမားများမှာမူ မျိုးချစ်စိတ်ဓာတ်ကို လုံလောက်စွာ မပြသခဲ့သဖြင့် လူထု၏ ဝေဖန်မှုများကို ခံနေရသည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေး အင်စတီကျု၏ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် လူထု သဘောဆန္ဒ စစ်တမ်းတွင်မူ ထိုင်းပြည်သူများသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရေး အပါအဝင်  ကမ္ဘောဒီးယားနှင့် ပဋိပက္ခကို ဖြေရှင်းရေးတို့တွင် စစ်တပ်ကို အများဆုံး ယုံကြည်နေကြကြောင်း လေ့လာတွေ့ ရှိရသည်။

ထိုစစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ၁၅ ရာခိုင်နှုန်းကသာ ထိုအရေးကိစ္စများနှင့် ပတ်သက်ပြီး အရပ်သားအစိုးရကို ယုံကြည်မှုရှိကြောင်း ဖြေဆိုခဲ့ကြပြီး အများစုကမူ စစ်တပ်ကိုသာ ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။

Source: DW