CNI International News
ဘန်ကောက်၊ မတ်လ ၂၇
ထိုင်းအစိုးရသည် စစ်တပ်ကိုပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။
လွှတ်တော်တွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည့် ဒုတိယနေ့ဖြစ်သော မတ်လ ၂၆ ရက်တွင် ဖွမ်သမ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်သည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုများကို လိုက်လျောညီထွေ ရှိစေရန်အတွက် စစ်တပ်အကြီးအကဲ များနှင့် ပုံမှန်ဆွေးနွေးနေသည်ဟု ဒုဝန်ကြီးချုပ်လည်းဖြစ်သည့် ဖွမ်သမ်က ဆိုသည်။
ပေတုန်တန် လွှတ်တော်မှာ အယုံအကြည်မရှိအဆို ဆွေးနွေးကြစဉ်
အစိုးရသည် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးထက် ကိုယ်ကျိုးစီးပွားများကိုသာ ဦးစားပေးနေသည်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံ ပြည်သူ့ပါတီ (PP) ၏ စွပ်စွဲချက်များကို ဖွမ်သမ်က တုန့်ပြန်ဖြေရှင်းခဲ့ခြင်းလည်းဖြစ်သည်။
စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ၊ နည်းပညာ တိုးတက်ရေးနှင့် စစ်တပ်၏ မူဝါဒများကို ထိန်းညှိရန်အတွက် လက်နက်များ၊ ပစ္စည်းကိရိယာများနှင့်စပ်လျဉ်းသည့် မဟာဗျူဟာများ ချမှတ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“လက်တွေ့ကို အခြေခံပြီး ၁ ရက်တည်းနဲ့တော့ အပြီးသတ် လုပ်ဆောင်လို့ မရပါဘူး။ ရောမမြို့ကြီးကိုလည်း ၁ ရက်တည်းနဲ့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အပြောင်းအလဲ ဖြစ်လာရမယ်လို့ သိထားရပါ မယ်။ ဒါက တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲတာမျိုး ဖြစ်ပါတယ်” ဟု ဖွမ်သမ်က ပြောသည်။
စစ်တပ်သည် သတင်းအချက်အလက် စစ်ဆင်ရေး (IO) တွင် ပါဝင်နေသည်ဆိုသည့် အတိုက်အခံများ၏ စွပ်စွဲ ချက်များကို စုံစမ်းစစ်ဆေး သွားမည်ဟုလည်း ဖွမ်သမ်က ကတိပြုခဲ့သည်။
စစ်တပ်အား ပြုပြင်ပြောင်းလဲရေးသည် အာဏာရ ဖြူးထိုင်းပါတီ၏ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အဓိက ကတိကဝတ်တစ်ခုဖြစ်သည်။
Source: The Nation