CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၃

ထိုင်းအစိုးရသည် နှစ်စဉ်ပြုလုပ်နေကျ စစ်တပ်ပြင်ဆင်ဖွဲ့စည်းမှု တစ်ခုအဖြစ် စစ်တပ်အတွင်းရှိ အရာရှိပေါင်း ၈၀၈ ဦး၏ ရာထူးနေရာအသစ်များ လွှဲပြောင်းမှုအတွက် အဆိုတင်သွင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအဆိုတင်သွင်းမှုတွင် ယခုလကုန်ပိုင်း၌ အငြိမ်းစားယူမည့် ထိုင်းတော်ဝင်ကြည်းတပ်နှင့် တော်ဝင်ရေတပ်၏ အကြီးအကဲများနေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မည့် အကြီးအကဲသစ်များလည်း ပါဝင်သည်။

တော်ဝင်အစိုးရပြန်တမ်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဝန်ကြီးချုပ်ရုံး၏ ကြေညာချက်အရ ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)သည် စစ်တပ်ပြင်ဆင်ဖွဲ့စည်းမှုအတွက် ဘုရင့်ထောက်ခံချက်ရရှိရန် လျှောက်ထားခဲ့သည်။

ဘုရင်၏ ထောက်ခံချက်ရရှိပါက ရာထူးပြောင်းလဲ ခန့်အပ်မှုများသည် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး အကျုံး ဝင် သက်ရောက်မည်ဟု ဖော်ပြထားသည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်

စစ်တပ်၏ စစ်ဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ပါန ကလော်ပလော့သွတ် (Pana Klaewplodthuk) ကို ခန့်အပ်ခဲ့ပြီး ပါနသည် ရာထူးမှ ထွက်ခွာတော့မည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရွန်ချိုင်း ဟင်တာအို (Charoen chai Hintao) နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပါနသည် လက်ရှိတွင် ကြည်းတပ်၏ စစ်ဦးစီးချုပ်ဖြစ်ပြီး တော်ဝင်အစောင့်တပ်ဖွဲ့များကို လေ့ကျင့် သင်ကြားပေးရသည့် အကြီးအကဲတစ်ဦးဖြစ်ကာ စစ်ဦးစီးချုပ်အဖြစ် ၂၀၂၇ ခုနှစ်အထိ တာဝန်ယူမည်ဖြစ်သည်။

ရေတပ်ဗိုလ်ချုပ်ကြီး ဂျီရာပိုလ် ဝေါင်ဝစ် (Jirapol Wongwit) ကို ရေတပ်၏ စစ်ဦးစီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး ဂျီရာပိုလ်သည် ရာထူးမှ ထွက်ခွာတော့မည့် ရေတပ်စစ်ဦးစီးချုပ် အဒွန် ပန် အင်မ် ( Adoong Pan-iam.) နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ထို့ပြင် လေတပ်၏ စစ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ပန်ဒက်ဒီ ပတ္တနာကူလ် (Panpakdee Pattanakul) က ၎င်း၏ လက်ထောက်အဖြစ် ထိပ်သီးဗိုလ်ချုပ်ကြီး ချာအင်နတ်ဖိုလ်ကစ် (Chainat Pholkit) ကိုခန့်အပ်မည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်