CNI International News

တဲလ်အဗစ်၊ စက်တင်ဘာ ၂၃

အစ္စရေးတပ်ဖွဲ့များသည် စက်တင်ဘာ ၂၂ ရက်က အနောက်ဘက်ကမ်းဒေသ၏ ရာမလာ (Ramallah) မြို့ရှိ အယ်လ်ဂျာဇီးယား သတင်းဌာန၏ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးကို ၄၅ ရက်ကြာပိတ်ရန် အမိန့်ထုတ်ပြန် ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် ဂါဇာစစ်ပွဲ ဖြစ်ပွားနေချိန်အတွင်း  အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ( Benjamin Netanyahu) ၏ အစိုးရအဖွဲ့အကြား ကာလကြာရှည်ရှိခဲ့သည့် ရန်စောင်မှု များ၏ နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်ကစပြီး ဟားမာ့စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်မှုများလုပ်ခဲ့ရာမှ ဖြစ်ပွားလာ ခဲ့သည့် ဂါဇာစစ်ပွဲအတွင်း အယ်လ်ဂျာဇီးယား သတင်းဌာနသည် အစ္စရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် မြေပြင် တွင် သက်ရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းများ ထုတ်လွှင့်ခဲ့သည်။

အစ္စရေးတပ်ဖွဲ့က အယ်လ်ဂျာဇီးယား ရုံးခန်းကို စီးနင်းနေစဉ်

အစ္စရေးစစ်တပ်ကမူ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာန၏ သတင်းထောက်များသည် ဟားမာ့စ် သို့မဟုတ် ဟားမာ့စ်၏ မဟာမိတ်ဖြစ်သည့် အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့နှင့် အဆက်အသွယ်ရှိကြောင်း မကြာခဏ စွပ်စွဲခဲ့သည်။

အယ်လ်ဂျာဇီးယား သတင်းဌာနကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အစ္စရေးသည် ဂါဇာကမ်းမြောင် ဒေသအတွင်းရှိ အယ်လ်ဂျာဇီးယား ဝန်ထမ်းများကို စနစ်တကျ ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ဂါဇာဒေသအတွင်းရှိ အယ်လ်ဂျာဇီးယား သတင်းဌာန ရုံးခန်းတစ်ခု ဗုံးကြဲခံခဲ့ ရကာ သတင်းထောက် ၄ ဦး သေဆုံးခဲ့သည်။

အစ္စရေးတပ်ဖွဲ့ လုံခြုံရေးယူထားစဉ်

အစ္စရေးစစ်သားများသည် အနောက်ဘက်ကမ်းဒေသရှိ အယ်လ်ဂျာဇီးယား သတင်းဌာနရုံးခန်း ပိတ်ခိုင်းသည့် အကြောင်းရင်းကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာန၏ အနောက်ဘက် ကမ်းဒေသဆိုင်ရာ ဗျူရိုအကြီးအကဲ ဝါလစ် အယ် အိုမာရီ (Walid al-Omari) က ပြောကြားခဲ့သည်။

အစ္စရေး တရားရုံးတစ်ရုံး၏ အမိန့်အရ ရုံးခန်းကို ပိတ်ခဲ့ရခြင်းဖြစ်ပြီး ထိုအမိန့်တွင် အယ်လ်ဂျာဇီးယား သတင်းဌာန သည် အကြမ်းဖက်မှုကို ထောက်ခံ အားပေးမှု၊ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲခံခဲ့ရသည်ဟု အိုမာရီက ပြောသည်။

ရာမလာမြို့အခြေစိုက် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အစ္စရေးစစ်တပ်၏ ဝင်ရောက်စီးနင်းမှုသည် သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

Source: ရိုက်တာ