CNI International News

ဂျေရုဆလင်၊ မေလ ၁၂

မကြာသေးမီ လများအတွင်း လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ FPV ဒရုန်း ခြိမ်းခြောက်မှုသည် ပိုမို မြင့်တက်လာခဲ့ကြောင်း ဂျေရူဆလင်ပို့စ်မှ ဖော်ပြခဲ့သည်။

အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်း ကြားခံနယ်မြေတစ်ခု သတ်မှတ်လိုက်ပြီးနောက်တွင် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့သည် fiber-optic ကေဘယ်ကြိုး တပ်ဆင်ထားသည့် အရွယ်အစား အတော်အတန် သေးငယ်သော ပန်ကာလေးခု တပ်ဆင်ထားသည့် အမျိုးအစား ဒရုန်းများကို ပြောင်းလဲအသုံးပြုလာခဲ့သည်။

၎င်းတို့ကို FPV (First-Person View) ဒရုန်းဟု ခေါ်ဆိုပြီး ဒရုန်းကို မောင်းနှင်သူက ဒရုန်းပျံသန်းမှုအား ကင်မရာ မြင်ကွင်းမှတဆင့် မြင်တွေ့ရသည်။

ထိုဒရုန်းများတွင် တပ်ဆင်ထားသည့် fiber-optic ကေဘယ်ကြိုးသည် ဒရုန်းကို ဂျမ်မာ (jammer) များဖြင့် နှောင့်ယှက်ရန် ခက်ခဲစေသည့်အပြင် အရွယ်အစား သေးငယ်ပြီး မြေပြင်နှင့် ကပ်၍ ပျံသန်းနိုင်သောကြောင့် ရေဒါဖြင့် ထောက်လှမ်းရန်လည်း ခက်ခဲသည်။

အစ္စရေးတပ်ဖွဲ့ကို တွေ့ရစဉ်

ထိုဒရုန်းများကို ယူကရိန်းစစ်မျက်နှာရှိ ရှေ့တန်းတိုက်ပွဲများတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးသည် ဈေးနှုန်းသက်သာသော ဒရုန်းများကို ရှေ့တန်း စစ်မြေပြင် အသုံးပြုနိုင်ရန် တီထွင်ခဲ့ကြသည်။

လက်ဘနွန် စစ်မျက်နှာတွင် အစ္စရေးနိုင်ငံ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကြည့်ခြင်းအားဖြင့် FPV ဒရုန်းများ၏ ခြိမ်းခြောက်မှုသည် အစ္စရေး၊ ယူကရိန်း၊ အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများကြား သင်ခန်းစာ ယူနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ယူဆထားသည်။

ပင်လယ်ကွေ့နိုင်ငံ အများအပြားသည်လည်း ထိုဒရုန်းများ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ယူကရိန်း တာဝန်ရှိ သူများနှင့် ဆက်သွယ်နေကြပြီ ဖြစ်သည်။

ထို့ကြောင့် အစ္စရေးနိုင်ငံ အနေဖြင့်လည်း FPV ဒရုန်းများ၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ယူကရိန်း နိုင်ငံထံမှ အတွေ့အကြုံနှင့် နည်းပညာများကို ရယူနိုင်မည်ဟုလည်း ကျွမ်းကျင်သူများ ပြောကြားခဲ့သည်။

Source: ဂျေရုဆလင်ပို့စ်