CNI International News
မနီလာ၊ မေလ ၁၂
ဖိလစ်ပိုင်အောက်လွှတ်တော်သည် ဒုသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) ကို ရာထူးမှဖယ်ရှားရန် ဒုတိယအကြိမ်မြောက်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
သို့သော် ဆာရာဒူတာတေး၏ မဟာမိတ်များသည် အထက်လွှတ်တော်ကို ထိန်းချုပ်ထားသဖြင့် ၎င်းအား ရာထူးမှ ဖယ်ရှားရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် စစ်ဆေးမှု လုပ်ငန်းစဉ်များမှာ မရေမရာ ဖြစ်နေဆဲပင် ဖြစ်သည်။
အောက်လွှတ်တော်အမတ် ၃၁၈ ဦးအနက် ၂၅၇ ဦးက ဆာရာဒူတာတေးကို ရာထူးမှဖယ်ရှားရန် ထောက်ခံမဲ ပေးခဲ့ပြီး ထိုထောက်ခံမဲ အရေအတွက်သည် အထက်လွှတ်တော်သို့ တင်ပြရန် လိုအပ်သည့် အမတ်အရေအတွက် ၃ ပုံ ၁ ပုံထက် များစွာကျော်လွန်ခဲ့သည်။

လွှတ်တော်အမတ်တွေကို တွေ့ရစဉ်
ယခုပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုသည် ဒူတာတေး မိသားစုနှင့် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) တို့ကြား ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခ၏ နောက်ဆုံး ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်းကြောင့် စီးပွားရေးအရ အလွန်မရေမရာ ဖြစ်နေချိန်တွင် ဖိလစ်ပိုင် နိုင်ငံကို နိုင်ငံရေး မတည်ငြိမ်မှုများအတွင်းသို့ တွန်းပို့ရာရောက်ခဲ့သည်။
“ဒီနေရာမှာ မေးစရာရှိနေတဲ့ အချက်က ဥပဒေကြောင်းအရ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာတင်မကဘဲ ကျင့်ဝတ်သိက္ခာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊မရှိဆိုတာလည်း ပါဝင်နေပါတယ်” ဟု ဆာရာဒူတာတေးအား ရာထူးမှ ဖယ်ရှားရန် အဆိုပြုချက်ကို ထောက်ခံ အတည်ပြုခဲ့သည့် အောက်လွှတ်တော် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ ဂျာဗေး လူအစ္စထရို (Gerville Luistro) က ပြောကြားခဲ့သည်။
“ကျမတို့ အနေနဲ့ မျက်စိမှိတ်၊ နှုတ်ပိတ်ပြီး နေနေလို့ မရပါဘူး။ ဒီနေ့ ကျမတို့ ပေးလိုက်တဲ့မဲဟာ လူတစ်ဦး တစ်ယောက် အတွက်တင် မဟုတ်ပါဘူး။ ကျမတို့ရဲ့ သား၊သမီး မြေးမြစ်တွေအတွက် ဘယ်လိုနိုင်ငံမျိုးကို အမွေပေးခဲ့ချင်သလဲဆိုတာအပေါ် မူတည်ပြီး ပေးလိုက်တဲ့မဲပဲ ဖြစ်ပါတယ်”ဟု လူအစ္စထရိုက ဆိုသည်။

လွှတ်တော်အမတ်တွေကို တွေ့ရစဉ်
ဆာရာ ဒူတာတေးအပေါ် စွဲဆိုထားသည့် စွဲချက်များအနက် အစိုးရ၏ လျှို့ဝှက်ရန်ပုံငွေများကို အလွဲသုံးစား လုပ်ခြင်း၊ ပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းနှင့် ပြည်သူ့ယုံကြည်မှုကို အလွဲသုံးစားပြုခြင်းတို့ ပါဝင်သည်။
ထို့ပြင် သမ္မတမားကို့စ်၊ ၎င်း၏ဇနီး လီဇာ အာရန်နီတာ (Liza Araneta) နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း မာတင် ရိုမော်လ်ဒက်ဇ် (Martin Romualdez) တို့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် စွဲချက်များလည်း ပါဝင်သည်။
ဆာရာဒူတာတေးအပေါ် တင်သွင်းထားသည့် တိုင်ကြားချက်ထဲတွင် အဆိုးရွားဆုံး စွပ်စွဲချက်တစ်ခုမှာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအေဂျင်စီက သိရှိခဲ့သည့် ဒေါ်လာ သန်း ၁၁၀ ကျော်တန်ဖိုးရှိ ပုဂ္ဂလိက ဘဏ်စာရင်း လွှဲပြောင်းမှု စွဲချက်ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
