CNI International News

မနီလာ၊ နိုဝင်ဘာ ၂၈

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် ဒုတိယသမ္မတ ဆာရာဒူတာတေး (Sara Duterte) နှင့် ၎င်း၏ လုံခြုံရေး ဝန်ထမ်းတစ်ဦးကို ပြစ်မှုဆိုင်ရာ တိုင်ကြားစာများ တင်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဆာရာဒူတာတေးနှင့် ၎င်း၏ လုံခြုံရေးဝန်ထမ်းသည် မကြာသေးမီက လွှတ်တော်တွင် အချေအတင် ဆွေးနွေးမှု၌  အာဏာပိုင်များ၏ အမိန့်ကို မနာခံခြင်း၊ စော်ကားခြင်းများရှိခဲ့သည်ဟု စွပ်စွဲကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကွီဇွန် (Quezon) မြို့ ရဲတပ်ဖွဲ့က တင်သွင်းသည့် ထိုတိုင်ကြားစာသည် ဆာရာဒူတာတေး၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် သက်ဆိုင်ခြင်းမရှိသော သီးခြား တရားရေး အမှုအခင်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆာရာဒူတာတေးက သူသတ်ဖြတ်ခံရမည်ဆိုပါက ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်(Ferdinand Marcos Jr.)၊ မားကို့စ်၏ ဇနီးနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ကို လုပ်ကြံသတ်ဖြတ်ရန် လူငှားထားကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆာရာဒူတာတေးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ခြင်း မရှိပေ။

ဆာရာဒူတာတေးနဲ့ မားကို့စ်ကို တွေ့ရစဉ် 

မားကို့စ် အစိုးရအဖွဲ့က ဆာရာဒူတာတေး၏ ဖခင်ဖြစ်သည့် ယခင်သမ္မတ ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) အပေါ် တရားရေးဆိုင်ရာ ပစ်မှတ်ထား လုပ်ဆောင်မှုများကြောင့် ၎င်းတို့အကြား အကွဲအပြဲမှာ ပိုမိုထင်ရှားလာခဲ့ သည်။

တရားရေးဝန်ကြီးဌာနကလည်း ဒူတာတေး၏ မှတ်ချက်စကားများနှင့် ပတ်သက်ပြီး လေ့လာနေကြောင်း ထုတ်ပြန် ခဲ့သည်။

ဒူတာတေးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် မားကို့စ်အစိုးရ လက်ထက်၌ အဂတိလိုက်စားမှုနှင့် မူမမှန်သည့် အခြေအနေများကို စစ်တပ်က စိုးရိမ်ကြောင်း လေသံပစ်လာမည်ဆိုပါက အစိုးရအဖွဲ့သည် နာခံလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

"အားနည်းတဲ့ အုပ်ချုပ်ပုံစနစ်နဲ့ဆိုရင် စစ်တပ်ကပဲ လမ်းကြောင်းမှန်ကို ပြုပြင်ပေးနိုင်ပါလိမ့်မယ်" ဟု ဒူတာတေး က ပြောကြားခဲ့သည်။

လက်ရှိ အချိန်အထိ တရားရေးအရာရှိများသည် ဒူတာတေး၏ မှတ်ချက်စကားများကို စုံစမ်းစစ်ဆေးနေပြီး ဆာရာဒူတာတေးကို တိုင်ကြားထားသည့် ကွီဇွန်ရဲတပ်ဖွဲ့၏ တိုင်ကြားစာကိုလည်း လေ့လာနေသည်။

Source: အေပီ