CNI International News
မနီလာ၊ နိုဝင်ဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးဩဇာ အကြီးမားဆုံးမိသားစု ၂ စုဖြစ်သည့် သမ္မတ ဖာဒီနန် မားကို့စ် (Ferdinand Marcos) နှင့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) တို့၏ မိသားစု ၂ စုအကြား သဘောထား ကွဲလွဲမှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။
ထို့နောက် တစ်ဖက်နှင့်တစ်ဖက် လုပ်ကြံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုများ ပါလာသည်အထိ တင်းမာမှု မြင့်တက် လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒူတာတေး၏ သမီးဖြစ်သည့် ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) က အကယ်၍ သူသတ်ဖြတ်ခံရမည်ဆိုပါက မားကို့စ်ကို လုပ်ကြံရန် လူငှားထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒူတာတေးကလည်း ထိုအခြေအနေနှင့်ပတ်သက်ပြီး စစ်တပ်ကို ကြားဝင်ဖြေရှင်းရန် တိုက်တွန်းခဲ့သဖြင့် အာဏာသိမ်းမည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
မားကို့စ်နှင့် ဒူတာတေး မိသားစုအကြား ထိပ်တိုက် တွေ့စေရသည့် အဓိကအကြောင်းရင်း ၅ ချက်ရှိသည်။
ဆာရာဒူတာတေးကို တွေ့ရစဉ်
ပထမအချက်မှာ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲခြင်းဖြစ်သည်။
မားကို့စ်နှင့် ဒူတာတေး မိသားစုအကြား ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် သက်တမ်းဝက် ရွေးကောက်ပွဲနှင့် ၂၀၂၈ သမ္မတရွေးကောက်ပွဲများအတွက် ဩဇာလွှမ်းမိုးမှုရရန် ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ဘတ်ဂျက်သုံးစွဲမှု အငြင်းအခုံဖြစ်ပြီး ဒူတာတေးသည် ဒုသမ္မတရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့ အတွက် ဘတ်ဂျက်များ ပိုပေးရန် တောင်းဆိုခဲ့သဖြင့် မားကို့စ်က ဝေဖန်ခဲ့သည်။
ထိုမတိုင်မီက မားကို့စ်၏ သမ္မတရုံးအတွက် အသုံးစရိတ် ပီဆို ၁၂၅ သန်း လွှဲပြောင်းမှုအတွက်လည်း ဒူတာတေးက ဝေဖန်ခဲ့သည်။
တတိယအချက်မှာ မူဝါဒနှင့် အများပြည်သူ ကြေညာချက်များကြောင့်ဖြစ်ပြီး ဆာရာဒူတာတေးက မားကို့စ်အစိုးရ အဖွဲ့၏ မူဝါဒများနှင့် လုပ်ဆောင်ပုံများကို လူသိရှင်ကြား ဝေဖန်ခဲ့သည်။
မားကို့စ်နဲ့ ဆာရာဒူတာတေးကို တွေ့ရစဉ်
ထို့အတူ မားကို့စ်ကလည်း ဒူတာတေး လက်ထက်က စတင်ခဲ့သည့် မူးယစ်စစ်ပွဲကဲ့သို့ ဒူတာတေး အစိုးရ လက်ထက်က ပြဿနာများကို ဝေဖန်ခဲ့သည်။
စတုတ္ထအချက်မှာ တရားရေးနှင့် ဥပဒေပြုရေးတို့ကြောင့်ဖြစ်သည်။
ဒူတာတေး၏ မူးယစ်စစ်ပွဲကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက် ရန် လွှတ်တော်က ကြေညာချက် ထုတ်ပြန်ခြင်းသည် မားကို့စ်နှင့် ဒူတာတေးအကြား အကွဲအပြဲ ဖြစ်ရသည့် အချက်တစ်ခု ဖြစ်ခဲ့သည်။
နောက်ဆုံးအချက်မှာ အုပ်ချုပ်ရေး စွမ်းဆောင်ရည်များကြောင့်ဖြစ်သည်။
ငွေကြေးဖောင်းပွမှု၊ ဆင်ရဲမွဲတေမှုနှင့် လုံခြုံရေး ကိစ္စရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမှုများတွင် မားကို့စ်နှင့် ဒူတာတေးတို့အကြား အပြန်အလှန် ဝေဖန်မှုများ ရှိခဲ့ကြသည်။
Source: Nikkei Asia