CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈

နစက-က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် အာဏာခွဲ‌ဝေကျင့်သုံးမှု နိုင်ငံရေးပုံစံ ပြန်လည် ဖြစ်ပေါ် လာနိုင်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လာမည့်နှစ် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ရွေးကောက်ပွဲအပြီးတွင် အာဏာခွဲဝေ ကျင့်သုံးမှုဖြင့် နိုင်ငံရေးပုံစံ ပြန်ပေါ်လာနိုင်ပြီး လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့်လည်း လက်တွေ့ကျသည့် နိုင်ငံရေး ဆွေးနွေးမှုများအား ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ရွေးကောက်ပွဲမှာ သဘောထားကတော့ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ဘူး၊ လက်မခံနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိလည်းပဲ အကယ်၍ ရွေးကောက်ပွဲ ကျင်းပပြီးသွားရင် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းက ဒီလက်ရှိ ပြဿနာတွေကို ဆက်ပြီးဖြေရှင်းရမှာပဲ။ အဲတော့ ဖြေရှင်းတဲ့ခါမှာ ပုံစံပြောင်း သွားမယ်။ ဘယ်တော့ ပြောင်းသွားမလဲဆိုတော့ အခုက အရေးပေါ် အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် အာဏာ ၃ ရပ်စလုံးက တပ်ချုပ်တစ်ယောက်ထဲ လက်ထဲမှာ ကိုင်ထားတယ်၊ အဲတော့ ပြောရရင် ကျနော်တို့က Check and balance ပေါ့၊ အပြန်အလှန် ထိန်းကျောင်းတဲ့စနစ်က မရှိတော့ဘူး၊ အဲတော့ ရွေးကောက်ပွဲပြီး သွားရင်တော့ အာဏာခွဲဝေကျင့်သုံးမှု ပေါ်လာပြီးတော့ နိုင်ငံ‌ရေးပုံစံ ပြန်ပေါ်လာမယ်၊ အဲဒီမှာ နိုင်ငံရေး ဆွေးနွေးမှုတွေ၊ ငြိမ်းချမ်း ရေး ဆွေးနွေးမှုတွေက ရွေးကောက်ပွဲအလွန်မှာ ထိထိရောက်ရောက်ပြန်ပြီး ဆောင်ရွက်နိုင်ဖို့အတွက်ကို ကျနော် တို့ ရွေးကောက်ပွဲက တက်လာမယ့် ပုဂ္ဂိုလ်တွေက တကယ့်ကို နိုင်ငံရေး ဗဟုသုတ၊ အတွေ့အကြုံ၊ ပြီးတော့ ငြိမ်းချမ်းရေး ဖြေရှင်းလိုတဲ့ဆန္ဒ အဲတာတွေက သိပ်အရေးကြီးတယ်လို့ မြင်တယ်။ နောက်တစ်ခုကလည်း လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း ပြည်ထောင်စုစနစ်ကို  ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အတွက် လက်တွေ့ကျတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ဘယ်လိုဆောင်ရွက် မလဲဆိုတာကို ကြိုတင်ပြင်ဆင် ထားကြဖို့လိုမယ်လို့ ကျနော်တော့ မြင်ပါတယ်"ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်

လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နစကမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နစကဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်း‌ရေး ဆွေးနွေးမှု ဖြစ်စဥ်များအား ထောက်ပံ့ကူညီပေးရန်နှင့် ဆွေးနွေးပွဲ ဖြစ်လာစေရန် တရုတ် နိုင်ငံအနေဖြင့် တတ်နိုင်သမျှ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်သလို မြန်မာပြည်မြောက်ပိုင်း အခြေအနေ အပါအဝင် မြန်မာပြည်တွင်းမှ အခြေအနေများကိုလည်း အနီးကပ် အာရုံစိုက်ထားသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‌မော်နင်းက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဥ်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကတော့ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ များကို တရုတ်က ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန် တောင်းဆိုထားသလို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း နစကနှင့်ဆွေးနွေးရန် အသင့်ရှိကြောင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဟိုင်ဂင်သဘောတူညီချက်ပေါ်တွင် အခြေခံကာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်သလို ရွေးကောက်ပွဲ လမ်းကြောင်းကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီးတော့ မြောက်ပိုင်းမှာတော့ တရုတ်ရဲ့ဖိအားတွေ ဝင်လာပြီ၊ မကြာခင် ကလည်း TNLA က ပြောရေးဆိုခွင့်ရှိသူတွေ ပြောတာ ကျနော်တို့ သတင်းတွေမှာ ဖတ်လိုက်ရတယ်၊ သတင်းနား ထောင် လိုက်ရတာပေါ့။ တရုတ်ဖိအားက အလွန်ပြင်းထန်တဲ့ အတွက်ကြောင့် သူတို့ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ လမ်းကြောင်းကို လာတယ်ပေါ့၊ နောက်ပြီးတော့ လူထုလည်း ထိခိုက်နေတယ်ပေါ့နော်၊ မြောက်ပိုင်းမှာတော့ တရုတ်က ကြားဝင်လာပြီဆိုရင်တော့ ငြိမ်းချမ်းရေး ပုံစံတစ်ခု တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတစ်ခုတော့ ပေါ်လာလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ မှန်းဆရတာပေါ့နော်။ ဟိုင်ဂင်သဘောတူညီချက်ပေါ်မှာ အခြေခံပြီးတော့ အဲဒီလမ်းကြောင်းပေါ်ကိုပဲ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားလိမ့်မယ်လို့တော့ ကျနော်တို့မြင်တာပေါ့၊ ဒါပေမယ့် အခုကတော့ ရွေးကောက်ပွဲလမ်းကြောင်းကိုလည်း ပြောနေတယ်ဆိုတော့ တရုတ် အပါအဝင် ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အာဆီယံကလည်း တွန်းလာပြီဆိုတော့ ဒီအချက်တွေကိုပါ စဥ်းစားချက်တစ်ခု အသစ်အနေနဲ့တော့ ထည့်သွင်းတာတို့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့နော်"ဟု ပြောသည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌသည် ပြောကြားထားသည်။