CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကချင်အထူးဒေသ(၁)ကို ဖျက်သိမ်းလိုက်ပြီး မရှိတော့ဘူးဟု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် KIA/KIO က ထုတ်ပြန်ကြေညာခဲ့သည်။
ဦးဇခုန်တိန်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သော ကချင်ပြည်နယ်၊ ပန်ဝါ၊ ကံပိုက် တည်၊ ချီဖွေ၊ ဆော့လော် စသည့် မြို့နယ်များရှိ NDA-K တပ်စခန်းများကို KIA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှ နိုဝင်ဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
KIA/KIO က “ ယခင် စစ်အာဏာရှင် အစိုးရများမှ ၎င်းတို့အာဏာခိုင်မြဲစေရန်အတွက် ကချင်အထူးဒေသ(၁) ဟူ၍ ခွဲခြား သတ်မှတ် အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ပါသည်။ ကချင် လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူ နေထိုင်ရေးအတွက် ကချင်အထူးဒေသ(၁)ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်း ဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ပါသည်”ဟု ထုတ်ပြန်ခဲ့သည်။
KIO ထုတ်ပြန်ကို တွေ့ရစဉ်
ယခုမှစ၍ ကချင်အထူးဒေသ(၁) ဟူသော သတ်မှတ်ချက် မရှိတော့ပါဟု KIA/KIO က ထုတ်ပြန် ပြောကြားခဲ့သည်။
ထို့ကြောင့် ယခင် ကချင်အထူးဒေသ(၁) အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ အားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွား ကြပါရန် ဖိတ်ခေါ်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် အဖွဲ့သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ တပ်မတော်နှင့်ငြိမ်းချမ်းရေး ရယူခဲ့၍ ပန်ဝါ၊ ကံပိုက်တည်၊ ချီဖွေ၊ ဆော့လော်တို့ကို ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေးခဲ့သည်။