CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၂၉
ထိုင်ဝမ်စစ်တပ်သည် ၎င်း၏ တုန့်ပြန် ဆောင်ရွက်ရေးနှင့် ထိတွေ့မှု လုပ်ငန်းစဉ်များကို စမ်းသပ်ရန်အတွက် နိုဝင်ဘာ ၂၈ ရက်တွင် လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te) သည် ယခုသီတင်းပတ်ကုန်တွင် အမေရိကန်သို့ ခရီးတစ်ထောက် ဝင်ရောက် ရပ်နားမှုများ အပါအဝင် ပစိဖိတ်နိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်မတိုင်မီ ထိုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကလည်း လိုင်၏ ခရီးစဉ်ကို အကြောင်းပြပြီး လာမည့် ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ဖွယ်ရှိကြောင်း ထိုင်ဝမ်နှင့် ဒေသတွင်း လုံခြုံရေးအရာရှိများက ခန့်မှန်းထားသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုင်ကိုလည်း ခွဲထွက်ဝါဒီ တစ်ဦးဟု သတ်မှတ်ထားသည်။
ထိုင်ဝမ်စစ်တပ်ကို တွေ့ရစဉ်
ထိုင်ဝမ်လေတပ်၏ ထုတ်ပြန်ချက်တွင် ဒေသစံတော်ချိန် နံနက် ၅ နာရီမှစပြီး ၂ နာရီကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုစစ်ရေး လေ့ကျင့်မှုတွင် လေယာဉ်များ၊ သင်္ဘောများနှင့် ဒုံးကျည်စနစ်များ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
မိမိတို့ လေကြောင်းကာကွယ်ရေး စစ်ဆင်ရေးများ၏ ထိရောက်မှုကို မြှင့်တင်ရန် အပါအဝင် တုန့်ပြန်ရေးနှင့် ထိတွေ့တိုက်ပွဲ လုပ်ငန်းစဉ်များကို စမ်းသပ်ရန် ထိုစစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"ရန်သူတွေရဲ့ အခြေအနေမှာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကျနော်တို့ဘက်ကလည်း လေကြောင်း ကာကွယ်ရေး လုံခြုံမှုကို စိတ်ချသေချာစေဖို့၊ ဖြစ်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လေ့ကျင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု ထိုင်ဝမ်စစ်တပ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုစစ်ရေး လေ့ကျင့်မှုသည် ၃ လ ၁ ကြိမ် ပြုလုပ်သည့် ပုံမှန်စစ်ရေး လေ့ကျင့်မှု တစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို သီးခြား ပြောကြားခဲ့သည်။
Source: CNA