CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉

ထိုင်း-မြန်မာနယ်စပ် နယ်မြေပိုင်ဆိုင်ကြောင်း အငြင်းပွားမှုဖြစ်နေသည့် မယ်ဟောင်ဆောင်ရှိ UWSA ၏ တပ် စခန်းများကို ထိုင်းစစ်တပ်မှ ဖယ်ရှားထားခိုင်းသော်လည်း “ဝ”က ဖယ်ပေးမှာ မဟုတ်သကဲ့သို့ ထိုင်းကလည်း စစ်တိုက်ရဲမှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်တွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသော နေရာက “ဝ”တပ်စခန်းများ အနေဖြင့် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမည်ဟု ထိုင်းစစ်တပ်က “ဝ” တပ်များကို အမိန့်ပေးထားကြောင်း ထိုင်းသတင်းဌာနများမှ ဖော်ပြထားကြသည်။

မယ်ဟောင်ဆောင်ဒေသသို့ “ဝ”တပ်ဖွဲ့စခန်းများကို ယခင်ကတည်းက မြန်မာ့တပ်မတော်မှ ပေးထားခဲ့ခြင်းဖြစ်ပြီး ထိုင်းနှင့် တိုက်ပွဲဖြစ်မည့် အခြေအနေကိုလည်း “ဝ”ဘက်မှ နည်းလမ်းရှာကာ ရှောင်ဖယ်မည်ဖြစ်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်

၎င်းက “ကြည့်ရတာ “ဝ”ကလည်း ဖယ်ပေးမယ့်ပုံ မပေါ်ပါဘူး။ ထိုင်းကလည်း တိုက်ရဲမယ် မဟုတ်ဘူး။ ထိုင်းစစ်တပ်က ကျမတို့ စကစ ထက်တောင် ညံ့သေးတယ်။ လက်နက်ကတော့ မပြောတတ်ဘူး။ အစကတည်း က အဲဒီဒေသတွေကို “ဝ”တွေကို ဆင်းခိုင်းထားတာက စစ်တပ်ကပဲ ဆင်းခိုင်းတာ ဖြစ်တာကို။ နအဖပေါ့ ဗိုလ်ခင်ညွန့်တို့။ “ဝ” ကတော့ ကြံဖန် ရှောင်ပါလိမ့်မယ်။ “ဝ”က သူစစ်တိုက်ဖို့ကို စဉ်းစားပုံမရပါဘူး။ သူတို့ နားလည်မှုလွဲတာတွေ ဘာတွေလည်း ဖြစ်နိုင်တယ်ထင်တယ်။ အဲဒီဒေသမှာ ခဏခဏ ပြဿနာတော့ တက်တတ် တာပဲ။ ဒါပေမယ့် သူတို့အချင်းချင်း နားလည်မှုယူပြီး ပြေလည်သွားတာတွေ ရှိတာပဲ။ သိပ်ပြဿနာ ကြီးကြီးမား မား ဖြစ်လာမှာ မဟုတ်ဘူးထင်တယ်။ စစ်ကောင်စီဝင်ပြီး ခလောက်ရင်တော့ မပြောတတ်ဘူးပေါ့။ “ဝ”ကလည်း စစ်တိုက်ချင်တာမှ မဟုတ်ဘဲ။ “ဝ” တပ်ကလည်း တစ်စုံတစ်ရာ လိုက်လျောပြီးတော့ ထိုင်းနဲ့ စေ့စပ်သွားလိမ့် မယ်ထင်တယ်။ “ဝ”ကလည်း သူတို့စဉ်းစားနည်းတွေက ပြည့်စုံပြီး ပျော့ပြောင်းလာတာတွေ ရှိတယ်။ သိပ် ပြဿနာ ကြီးကြီးမားမား ရှိလမ့်မယ်မထင်ပါဘူး” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် ထိုင်းစစ်တပ်နှင့် UWSA အကြား တင်းမာမှုများ ဖြစ်ပွားနေသည့် သတင်းများကိုမူ ထိုင်းစစ်တပ်က ပယ်ချလိုက်သည်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးက လူမှုမီဒီယာတွင် ပျံ့နှံနေသည့် နယ်စပ်တွင် စစ်ရေးတင်းမာမှု ပြောဆိုချက်များကို နိုဝင်ဘာလ ၂၇ ရက်၌ ပယ်ချခဲ့သလို ထိုင်းစစ်တပ်နှင့် UWSA အကြား ဆက်ဆံရေးမှာလည်း ပုံမှန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

UWSA တပ်ဖွဲ့ကို တွေ့ရစဉ်

ထိုဒေသသည် တရားဝင် နယ်နိမိတ်မျဉ်း မတည်ဆောက်ရသေးသဖြင့် ထိုင်းဘက်မှ အာဏာသက်ရောက်မှု မရှိသကဲ့သို့ မြန်မာဘက်မှလည်း အာဏာသက်ရောက်မှု မရှိသည့် ဒေသဖြစ်သောကြောင့် မူးယစ်ဆေးဝါးဂိုဏ်း များ အခြေပြုလှုပ်ရှား ရပ်တည်ကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ပြောလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ထိုင်း-မြန်မာနယ်စပ်မှာက တရားဝင် နယ်နိမိတ်မျဉ်းက မတည်ဆောက်ရသေးဘူးလေ။ နောက်ပြီး အဲဒီဒေသမှာက ထိုင်းရဲ့ အာဏာလည်း မသက်ရောက်၊ မြန်မာအစိုးရရဲ့ အာဏာလည်း မသက်ရောက်တဲ့ ဒေသတွေဖြစ်တာပေါ့။ မြန်မာပြည်က မူးယစ် ဆေးဝါးဂိုဏ်းတွေက အဲဒီမှာအခြေပြုပြီးတော့ လှုပ်ရှားရပ်တည်တယ်။ အထူးသဖြင့် ဦးခွန်ဆာ လက်ထက် ကတည်းက အဲဒီမှာနေလာတာ။ အဲဒီတုန်းက နယ်စပ်မှာ အခြေပြုထားတဲ့ ထိုင်းတပ်မတော်က သူတို့ကို ထောက်ပံ့မွေးမြူထားတာ။ အခုကြမှ အဲဒီနေရာတွေဟာ သူ့နေရာပါ ဘာညာပြောတော့ “ဝ” အဖွဲ့ကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် “ဝ” အဖွဲ့က လာတက်နေတဲ့ကိစ္စကို ထိုင်းစစ်တပ်ကတော့ သိပ်သဘောကျပုံ မရဘူး။ ဒါကြောင့်လည်း RCSS ကို ထိုင်းစစ်တပ်က မွေးမြူပြီး ကာထားတဲ့ သဘောလို့ ယူဆပါတယ်” ဟု ပြော သည်။

ထိုင်းစစ်တပ်က UWSA ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် တောင်းဆိုထား သော်လည်း UWSA က သဘောမတူကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ယခု နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ချင်းမိုင်တွင် ကျင်းပသည့် UWSA ထိပ်တန်းအဖွဲ့ဝင် ခြောက်ဦးနှင့် ထိုင်း အာဏာပိုင်များအကြား တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။