CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်မြေ သတ်မှတ်မှု မလုပ်ရသေးသည့် မယ်ဟောင်ဆောင်ဒေသရှိ “ဝ”ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA)၏ တပ်စခန်းများသည် ရှမ်းအရှေ့မြောက်ပိုင်းသို့ ပြန်လည်ဆုတ်ပေးရနိုင်ဖွယ်ရှိ ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ဒေသရှိ UWSA တပ်စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ၍ ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က သတိပေးထားသည်။
“ဝ”နယ်မြေသည် မြန်မာနိုင်ငံအစိုးရ၏ ပိုင်နက်နယ်မြေထဲတွင် ရှိသည်ဆိုလျှင် မြန်မာအစိုးရ၏ စီမံခန့်ခွဲမှုအား လက်ခံရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတင်းမာမှု မဖြစ်စေရန် “ဝ” တပ်ဖွဲ့သည် ရှမ်းအရှေ့မြောက်သို့ ပြန်ဆုတ်ပေး ရနိုင်ဖွယ်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဝ” လူငယ်အသံကွန်ရက်က ဖော်ပြထားသည့် ၁၇၁ ဒေသ နေရာပြမြေပုံ
၎င်းက “မြန်မာနိုင်ငံမှာလည်း ကျနော်ထင်တယ်၊ အဲဒီ မယ်ဟောင်ဆောင်ဘက်လား၊ အဲဒီဘက်က နယ်နိမိတ် တိတိကျကျ မတိုင်းကြရသေးဘူးလို့ ကြားတယ်။ အဲတော့ “ဝ”သည် မြန်မာအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိအောင်လုပ်ရမှာက မြန်မာအစိုးရရဲ့ တာဝန်ပဲ။ အဲတော့ “ဝ” ကိုအပိုင်စား ပေးလိုက်တာလားဆိုတဲ့ မေးခွန်းက သမိုင်းမှာလာနိုင်တယ်။ အဲတော့ “ဝ”နယ်မြေသည် မြန်မာနိုင်ငံအစိုးရရဲ့ ပိုင်နက်နယ်မြေထဲမှာ “ဝ” သည် နေ သလား၊ အဲဆိုရင် မြန်မာနိုင်ငံအစိုးရရဲ့ စီမံခန့်ခွဲမှုကို “ဝ”သည် လက်ခံရမယ်။ အဲဒီသဘော မရဘဲနဲ့ မြန်မာနိုင်ငံ အစိုးရသည် ထိုင်းနဲ့ အဲနယ်စပ်ပြဿနာတွေ ရှင်းဖို့က ခက်လိမ့်မယ်။ အဲတော့ “ဝ”သည် ဆုတ်ပေးရလိမ့်မယ်၊ ထိုင်းနဲ့မြန်မာနဲ့ မဖြစ်ဖို့အတွက် “ဝ”သည် ရှေ့တန်းကို ရောက်နေတယ်။ အဲဒီနေရာသည် မြန်မာအစိုးရဘက်က တိုင်းတာထားတဲ့ နယ်မြေမဟုတ်ဘူးဆိုရင် “ဝ”သည် ရှမ်းအရှေ့မြောက်ကို ဆုတ်ပေးရလိမ့်မယ်၊ သို့မဟုတ် အဲဒီနေရာ နယ်စပ်တစ်လျှောက်လုံးမှာ မြန်မာ့တပ်မတော်နဲ့ ပတ်သက်တဲ့ မြန်မာအစိုးရနဲ့ ပတ်သက်တဲ့ နယ်ခြား စောင့်ကို ထားပေးရလိမ့်မယ်။ အဲသလို မဟုတ်ဘဲနဲ့ မြန်မာအစိုးရဘက်က လက်ခံဖို့ခက်လိမ့်မယ်” ဟု ပြောသည်။
“ဝ”ဒေသ ၁၇၁ ဧရိယာအတွင်းမှ နယ်မြေ ၉ ခုအား ထိုင်းဘက်က ဖယ်ခိုင်းခဲ့ခြင်းသည် အမှန်ဖြစ်ကြောင်း၊ နိုင်ငံတော် အချင်းချင်း ဆွေးနွေးရမည့် ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပေးပို့ ထားပြီးဖြစ်ကြောင်း UWSA ၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက နိုဝင်ဘာ ၂၆ ရက်နေ့တွင် “ဝ” ပြည် အခြေစိုက် သတင်းဌာန တစ်ခုမှတဆင့် ပြောကြားခဲ့သည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ နစကနှင့်မြန်မာ့တပ်မတော်က သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။
သို့သော် ထိုင်းနိုင်ငံကြားရေးဝန်ကြီးဌာန အကြံပေး မစ္စတာ ဒူးစစ်မေနဖန်နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့က တွေ့ဆုံပြီး နယ်စပ်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထိုင်းစစ်တပ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေအား ကာကွယ်ရန်အသင့်ရှိနေပြီး UWSA တပ်များအနေဖြင့် ယခု ထက်ပို၍ နယ်မြေကျော်လွန်မှု ရှိလာပါက ထိုင်းဘက်မှ အလွတ်သဘောသတ်မှတ်ထားသည့် နယ်စပ်မျဉ်း တဖက် သို့ ဖိအားပေး တွန်းထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဖွန်သမ် ဝီချာယာချိုင်း(Phumtham Wechayachai) က ပြောကြားထားကြောင်း ထိုင်းအခြေစိုက် Thai Enquirer သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးနဲ့ ဦးသန်းဆွေကို တွေ့ရစဉ်
သံတမန်ရေးရာအရ ဆွေးနွေးမှုများပြီးလျှင် ထွက်ပေါ်လာမည့် ကြေညာချက်များအား စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “သံတမန်အရေး သူတို့ဆွေးနွေးကြမယ်ထင်တယ်၊ အခိုင်အမာကတော့ အောက်မှာပဲ ဆွေးနွေးမှာဗျ၊ သူတို့ အချင်းချင်းကြားမှာပဲ ဆွေးနွေးပြီး “ဝ”တွေကလည်း သူတို့ အေးအေးဆေးဆေးပဲ ဆွေးနွေးဖို့လို့ ပြောတာပဲ။ အဲတော့ နယ်နိမိတ်မျဥ်းတွေတော့ ဆွေးနွေးကြဦးမလား ဘာလားမသိဘူးဗျ၊ “ဝ”ဘက်ကတော့ သူပြောနေတာ အေးအေးဆေးဆေး ဆွေးနွေးဖို့ပဲ ပြောနေတာလေ၊ ခလောက်ဆန်နေတာ စစ်ကောင်စီက ခလောက်ဆန် နေတာ ပဲ၊ အဲတော့ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး၊ ခဏ စောင့်ကြည့်ရဦးမှာ။ သူတို့ သံတမန်ရေးအရ ဆွေးနွေးပြီးရင် ဘယ်လိုကြေညာချက်များ ထွက်မလဲဆိုတာ ကြည့်ရအောင်လေ” ဟု ပြောသည်။
ထိုင်းစစ်တပ်နှင့် စစ်ရေးတင်းမာနေချိန်မှာပဲ တပ်သားသစ် ၂၀၀၀ ကျော်ပါဝင်သည့် စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်ပွဲကို UWSA ၏ တောင်ပိုင်း ၁၇၁ ဒေသတွင် ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့စွဲဖြင့် WSTV (Wa State TV) ကဖော်ပြခဲ့သည်။