CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅

စကော့တလန်ချန်ပီယံ ဆဲလ်တစ်အသင်းဟာ မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူအသင်းနည်းပြနန်စီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့နီးစပ်နေပြီး ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ BBC Scotland က ဖော်ပြထားပါတယ်။

ဆဲလ်တစ်အသင်းဟာ ပြီးခဲ့တဲ့လက နည်းပြ ဘရန်ဒန်ရော်ဂျာစ် ရာထူးကနေ နုတ်ထွက်ပြီးကတည်းက နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာပါ။ 

ဆဲလ်တစ်အသင်းဟာ နည်းပြသစ် မခန့်အပ်ရမီအချိန်အထိ နည်းပြဟောင်း မာတင်အိုနေးလ်ကိုယာယီနည်းပြအဖြစ် တာဝန်ပေးထားတာဖြစ်ပါတယ်။ 

မာတင်အိုနေးလ်နဲ့ လက်ထောက်နည်းပြ မာလိုနေးတို့ဟာ ဆဲလ်တစ်အသင်းကို ၅ ပွဲကိုင်တွယ် ထားပြီး ပြည်တွင်းပွဲစဉ် ၄ ပွဲစလုံး အနိုင်ရထားပေမယ့် ယူရိုပါလိဂ်မှာ မစ်ဂျီလန်းအသင်းကို အရေးနိမ့်ထားတာပါ။

ဆဲလ်တစ်အသင်းဟာ ဒီရာသီ စကော့တလန်ပရီးမီးယားရှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဟာ့တ်စ်အသင်းနဲ့ ၄ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ပွဲကျန် ၁ ပွဲကစားဖို့ရှိနေသေးပါတယ်။ 

ဆဲလ်တစ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့၄ ပွဲ ကစားထားတာမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၂၇ နေရာရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် ဖီယင်နုအသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နန်စီဟာ ဆဲလ်တစ်အသင်း နည်းပြသစ်အဖြစ်ခန့်အပ်ခံရမယ်ဆိုရင် ကလပ်နဲ့ အသင်းပရိသတ်တွေအကြားဖြစ်နေတဲ့ တင်းမာမှုတွေကြားမှာ အလုပ်ကိုစတင်ရမှာပါ။ 

ပြင်သစ်လူမျိုးနည်းပြ နန်စီဟာ ကစားသမားဘဝကို အမိမြေမှာ ဖြတ်သန်းခဲ့ပြီး နည်းပြဘဝကို ကနေဒါမှာ စတင်ခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်ဂန္ထဝင် အွန်နရီ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နန်စီဟာ မွန်ထရီရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ကနေဒါ ချန်ပီယံရှစ်ဖလား ရရှိစေခဲ့ပါတယ်။

နန်စီဟာ ၂၀၂၂ ခုနှစ်မှာ ကိုလံဘတ်စ်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မေဂျာလိဂ်ဖလား၊၂၀၂၄ ခုနှစ်မှာ လိဂ်ဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။ 

နန်စီဟာ ၂၀၂၄ ခုနှစ်မှာ မေဂျာလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပြီး သူဟာ နည်းပြဘဝမှာ ပွဲပေါင်း ၂၁၅ ပွဲကိုင်တွယ်ထားကာ ၁၀၆ ပွဲအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: BBC